မင်းအောင်လှိုင်ရဲ့ လိမ်ညာလှည့်စားမှုနဲ့ အကြမ်းဖက်မှု ရက်ပေါင်း ၁၀၀
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်)
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ “မဲ မသမာမှု” ဆိုတဲ့ လုပ်ကြံအကြောင်းပြချက်နဲ့ အာဏာသိမ်းပိုက်မှုက သူ့ကိုယ်သူ “သမ္မတအရာ” သူ့စိတ်ကြိုက်အပ်နှင်းပြီးတဲ့ ဒီနေ့အထိတိုင် မင်းအောင်လှိုင်ကို နေ့နေ့ညည ခြောက်လှန့်နေ ဆဲ ဖြစ်ပုံရပါတယ်။
ဒါဟာ “မိမိစိုက်ပျိုးသမျှ မိမိရိတ်သိမ်းရတာပဲ” ဆိုတဲ့ စကားလို မင်းအောင်လှိုင် ဒီနေ့ရယူထားတဲ့ “တရားဝင် မှု” ဆိုတာဟာ လုပ်ကြံလှည့်စားမှု – အကြမ်းဖက်အာဏာသိမ်းပိုက်မှုနဲ့ အကွက်ချဖန်တီးခဲ့တာရဲ့ တိုက်ရိုက်အထွက် ရလဒ်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့အချိန်အထိ အခုလိုစကားမျိုးတွေကို မရပ်မနား ပြောနေရတာပါ။ ဒီပြောစကားတွေက ပြီးခဲ့တဲ့ (၆-၅-၂၀၂၆)ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင်ပြောခဲ့တာပါ။ လိုအပ်သလောက်ကိုပဲ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြပါ့မယ်။
– မိမိတို့အစိုးရအဖွဲ့သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း
– မဲပေးသူအများစုမှာ အသက် ၁၈နှစ်နှင့် ၅၀ အကြားဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ် ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍ မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှု ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရ ဆောင်ရွက်ချက်များကို ထောက်ခံ မှုပြသခြင်းပင်ဖြစ်ကြောင်း။
– ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း
– အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင် နေသည့် မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ် ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန် လိုပါကြောင်း
မင်းအောင်လှိုင်ရဲ့ ကိုယ်တိုင်ပြောကြားချက်တွေဖြစ်တဲ့ အထက်ပါ ကောက်နုတ်ချက် ၄ခုကို ဖတ်ကြည့်လိုက် တာနဲ့ မင်းအောင်လှိုင်ရဲ့ သိမ်ငယ်နေတဲ့ခံစားချက်ကို တန်းပြီးမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ တစ်နည်းအားဖြင့် ပြည်တွင်းပြည်ပကို “သမ္မတနဲ့အစိုးရအဖွဲ့ရဲ့ တရားဝင်မှု”ကို အသိအမှတ်မပြုရ ကောင်းလားဆိုပြီး စကားနာထိုးနေတာသာ ဖြစ်ပါတယ်။
၃ပိုင်းခွဲပြီး သူစိတ်ကြိုက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို “မဲ မသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ” ဖြစ်တယ်လို့ အသိအမှတ်ပြုဖို့ အဆက်မပြတ် တစာစာ ကြော်ငြာနေတာမျိုးလည်း ဖြစ်ပါတယ်။
အင်မတန်ရယ်စရာကောင်းတဲ့ ပြောဆိုချက်ကတော့ “စနစ်တကျဖြင့် တန်းစီ၍ မဲပေးခဲ့ကြခြင်း” ကို ပြည်သူ တွေက သူတို့စိတ်ကြိုက်ပြုလုပ်တဲ့ “ရွေးကောက်ပွဲ”အပေါ် “ထောက်ခံအားပေးမှုကိုပြသခြင်း” ဖြစ်တယ်ဆိုတဲ့ အရှက် မဲ့တဲ့ ပြောဆိုချက်ပဲဖြစ်ပါတယ်။
အနှစ်သာရအားဖြင့် ဒါဟာ ၂၀၂၁ ခုနှစ်၊ မဲ မသမာမှုဆိုတဲ့ လုပ်ကြံအကြောင်းပြချက်နဲ့ အာဏာသိမ်းပိုက်တာ ကနေ ယနေ့မျက်မှောက်ကာလ (၂၀၂၆ ခုနှစ်)အထိ သူ့ကိုယ်သူ သမ္မတအပ်နှင်းပြီး အစိုးရဖွဲ့လာတဲ့အထိ လုပ်ကြံလှည့် စား အကြောင်းပြမှုနဲ့ အကြမ်းဖက်မှုတွေကို ဗြောင်အကျဆုံး ဖုံးကွယ်နေတာမျိုးလည်း ဖြစ်ပါတယ်။
အဲဒီလို ဖုံးကွယ်လိမ်ညာနေမှုတွေကို ပြည်တွင်းပြည်ပက ဘယ်လိုမှ လက်မခံနိုင်ဘဲ အယုံအကြည်ကင်းမဲ့နေ တဲ့အချက်ကိုလည်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုက သိနေပါတယ်။ ဒါကြောင့် ထပ်ခါထပ်ခါလိမ်၊ အဲဒီလို လိမ်ဖန်များ ရင် ယုံကြည်သွားလိမ့်မယ်ဆိုတဲ့ လော့ဂျစ်နည်းနဲ့ ဆက်ပြီး လိမ်ညာလှည့်စားနေတာပါ။
တကယ့်လက်တွေ့ကတော့ သူတို့ရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပါပဲ၊ သူတို့ရဲ့ ဘယ်လိုလုပ်ဆောင်မှုကိုမဆို ပြည်သူတွေ က အယုံကြည်ကင်းမဲ့သွားတဲ့အချက် ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ကို (၁၇-၄-၂၀၂၆)မှာ “မိသားစုနှင့်ပြန်လည်တွေ့ဆုံခွင့်ရခြင်း၊ (၃၀-၄-၂၀၂၆)ရက်နေ့တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို – “လျှို့ဝှက်နေရာတွင် ဖမ်းဆီးထားရာမှ တည်နေရာမဖော်ပြ နေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားခြင်း”ဆိုတဲ့ လုပ်ရပ် (၂)ခုနဲ့ မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတ အဖြစ် လွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက် ရက်သတ္တပတ် ၂ပတ်မျှကာလအတွင်းမှာ ပြည်တွင်းပြည်ပကို လှည့်စားဖို့ လုပ်ဆောင်ခဲ့ပြန်ပါတယ်။
မင်းအောင်လှိုင် အစိုးရရဲ့ ဒီလုပ်ရပ် (၂) ခုဟာ
– နိုင်ငံရေးအရ အပြုသဘောဆောင်သောလမ်းစသို့ ချဉ်းကပ်လာခြင်း မဟုတ်ဘဲ အကွက်ချထားတဲ့ လိမ်ညာလှည့်စား ချက်သာ ဖြစ်ပါတယ်။
– အသွင်ကူးပြောင်းရေး ပြန်လည်ကုစားနိုင်ရေးအတွက် လုံလောက်သော သက်သေပြချက် လုံးဝ မဟုတ်သလို ကုစား ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ဆောင်လာမည်ဟု ခန့်မှန်းတွက်ချက် ယူဆနိုင်သော နိုင်ငံရေးလမ်းစဉ်ခြေလှမ်းအ ဖြစ် မှတ်ယူနိုင်ရန်အတွက်လည်း လုံလောက်မှု မရှိပါဘူး။
– အတုအယောင်ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးအရ တရားဝင်မှု ရယူလိုသော ဟန်ပြလုပ်ရပ်များသာဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မင်းအောင်လှိုင်အစိုးရကို ဆောလျင်စွာ ထိတွေ့ဆက်မှုများပြုလုပ်ခြင်းဖြင့် နဂိုရှိရင်းစွဲ ပြည်တွင်းစစ်ကို ပိုမိုပြင်းထန်ရှည်ကြာပြီး နက်ရှိုင်းတဲ့နွံတွင်းသို့ တွန်းပို့ ခြင်း မပြုမိရန် သတိကြီးစွာထားရှိဖို့ လိုအပ်ပါတယ်။
ထို့အပြင် အခုလို ပြည်တွင်းပြည်ပ ဘက်စုံအကြပ်အတည်းများ ဆိုက်ရောက်နေသောကာလအတွင်း မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော၊ ပြုလုပ်ရန်ကြံစည်နေကြသော နိုင်ငံများအနေဖြင့်လည်း မိမိ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို လေးစားပြီး သတိထားရှောင်ကျဉ်သင့်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အထူးကိုယ်စားလှယ်စေလွှတ်မယ်လို့ ပြောဆိုနေတာရှိပါတယ်။ အာဆီယံက ဒီလို စေလွှတ်လိုမှုကို မင်းအောင်လှိုင် အစိုးရက လက်ခံ/ လက်မခံဆိုတဲ့အချက်က အခရာကျပါတယ်။ အထူးကိုယ်စားလှယ်က မင်းအောင်လှိုင် သို့မဟုတ် တင်မောင်ဆွေ သို့မဟုတ် ဦးသန်းဆွေနဲ့ တွေ့ရတာမျိုးလောက်ပဲ ဆိုရင်တော့ ဘာမှ သိပ်ပြီး ထူးခြားမယ်လို့ မထင်မိပါဘူး။ “နေရာပြောင်းရွှေ့ချုပ်နှောင်ထားတယ်” လို့ သူတို့သတင်း ထုတ်ပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးဖို့ ဆိုတာကျပြန်တော့လည်း မင်းအောင်လှိုင်အတွက် ကျားမြီးဆွဲရကိန်းမဟုတ်ပါလား။
မင်းအောင်လှိုင်ရဲ့ “ရက်ပေါင်း – ၁၀၀” အတွင်း လုပ်ဆောင်ချက်တွေဟာ ရှေ့ကဖုံး နောက်ကဖော်ဆိုသလို အရာရာနဲ့ အကြောင်းကြောင်းဖြစ်နေမှာပါ။
၂၀၂၁ ခုနှစ်ကနေ ဒီနေ့မျက်မှောက်ကာလအထိ ဖြစ်စဉ်ဖြစ်ရပ်များဟာ “မဲ မသမာမှုဆိုတဲ့ လုပ်ကြံ အကြောင်း ပြချက်နဲ့ စစ်တပ်အာဏာသိမ်းပိုက်မှုကြောင့်သာ စီကာဆင့်ကာ ပေါ်ပေါက်လာရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။
တမင်လုပ်ကြံချဲ့ကားမှုတွေမပါဘဲ ဖြစ်ရိုးဖြစ်စဉ်အရ ရှိနိုင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတချို့ကို (စစ် အုပ်စုအဆက်ဆက် အရိုးစွဲနေတဲ့ လက်သုံးနည်းဖြစ်တဲ့) စစ်တပ်ကို ခုတုံးလုပ်ပြီး အာဏာသိမ်းပိုက်တဲ့နည်းနဲ့သာ မဖြေရှင်းခဲ့ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ သူ့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့မယ်ဆိုရင် ဒီလို မထိန်းနိုင်မသိမ်းနိုင်ပြဿနာကြီးတွေ ပေါ်ပေါက်လာစရာ ဘာအကြောင်းမှမရှိနိုင်ပါဘူး။
သို့သော်လည်း မင်းအောင်လှိုင်စစ်အုပ်စုဟာ ပြဿနာတွေကို လုပ်ကြံချဲ့ကားဖန်တီးတဲ့အပြင် ဖြစ်ပျက်သမျှ အားလုံးကိုလည်း သူများတကာထံ တစ်ဖက်သတ် အပြစ်ပုံချနေတဲ့ ဆိုးညစ်ယုတ်မာတဲ့ စရိုက်ရှိသူဖြစ်ပါတယ်။
အောက်ပါအချက်အလက်တွေဟာ (၂၀-၄-၂၀၂၆) အစိုးရအဖွဲ့အစည်းအဝေးမှာ မင်းအောင်လှိုင် ပြောကြား ထားတာတွေထဲကနေ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြလိုက်တာပါ။
– ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများ ဖြစ်ပေါ်လာသည့်အခါ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာ သည်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် တွေ့ရှိနိုင်ကြောင်း
– ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း
– အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပ မှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ် ကြောင်း
ဒါကြောင့် မင်းအောင်လှိုင်ရဲ့ “ရက်ပေါင်း – ၁၀၀” အတွင်း ပေါ်ပေါက်လာမယ့် လုပ်ရပ်တွေဟာ လိမ်ညာလှည့် စားမှုနဲ့ အကြမ်းဖက်မှုကလွဲပြီး အခြားမျှော်လင့်နိုင်စရာ ဘာမှမတွေ့မိပါဘူး။



















