Home သတင်း အွန်လိုင်းပေါ်ရှိ စစ်အုပ်စုဆက်နွယ် စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ရန် JFM တောင်းဆို

အွန်လိုင်းပေါ်ရှိ စစ်အုပ်စုဆက်နွယ် စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ရန် JFM တောင်းဆို

312
Photo: JFM

မေ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အွန်လိုင်းအသုံးပြုပြီးလည်ပတ်နေသည့် စစ်အုပ်စုနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်တားဆီးပေးရန် Apple ပါဝင်သော ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးနှင့်ပလက်ဖောင်းများထံ Justice for Myanmar-JFM က ယနေ့၊ မေလ(၂၅)ရက်နေ့တွင် တောင်းဆိုသည်။

လူမှုကွန်ရက်မီဒီယာ-ဖေ့ဘွတ်ခ်မှ မြန်မာစစ်တပ်ပိုင် စီးပွားရေးနှင့်ဝါဒဖြန့်ချိရေးအကောင့် ၁၀၀ ကျော်ဖယ်ရှားခံရသော်လည်း အမည်သစ်ဖြင့်ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး JFM က ထည့်သွင်းတောင်းဆိုသွားခြင်းဖြစ်သည်။

JFM ၏တိုင်ကြားချက်ကြောင့် ဖယ်ရှားခံရသော စစ်အုပ်စုထိန်းချုပ်သည့် ဖေ့ဘွတ်ခ်စာမျက်နှာများမှာ အမည်အမျိုးမျိုးပြောင်းလဲထွက်ပေါ်လာ၍ ၎င်းတို့၏အွန်လိုင်းတည်ရှိမှုတစ်ခုလုံးကိုပိတ်ပင်ရန် ထိရောက်သည့်အရေးယူမှုများ လိုအပ်လျက်ရှိသည်။ ယင်းကြောင့် Apple, Alphabet, Tiktok နှင့် Telegram တို့အနေဖြင့် စစ်အုပ်စုနှင့် ၎င်းစီးပွားရေးလုပ်ငန်းများကို ပိတ်ပင်တားဆီးရန် JFM က တောင်းဆိုထားသည်။

အွန်လိုင်းပလက်ဖောင်းမှ စစ်အုပ်စုနှင့်ဆက်နွယ်နေသော ဝါဒဖြန့်ချိရေးအကောင့်၊ စီးပွားရေးအကောင့်များ ဖယ်ရှားခံရခြင်းကြောင့် အမုန်းစကားနှင့်သတင်းအမှားဖြန့်ဝေခြင်း၊ တိုက်ရိုက်ထုတ်လွှင့်နိုင်ခြင်းတို့ကို ကန့်သတ်လိုက်နိုင်သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီက JFM ၏ ထုတ်ပြန်ချက်အရ စစ်အုပ်စုအတွက် အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်အမြတ်ငွေရှာပေးနိုင်သော Mytel ကုမ္ပဏီအပါအဝင် ဆက်စပ်စာမျက်နှာများနှင့် စစ်အုပ်စုထိန်းချုပ်ထားသော နိုင်ငံပိုင် MRTV အား JFM က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် Mytel ပေ့ချ် အရောင်းကိုယ်စားလှယ်ပေ့ချ်များ၊ အကောင့်များ၊ ဂရုများအပြင် MRTV အပါအဝင် ဝါဒဖြန့်ချိရေးအကောင့် စုစုပေါင်း (၁၀၉)ခုမှာ ဖေ့ဘွတ်ခ်ပေါ်မှ ဖယ်ရှားခံလိုက်ရသည်။

Mytel နှင့် MEctel တို့ကိုထိန်းချုပ်ထားသော စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကိုလည်း အီးယူ၊ ယူကေ၊ အမေရိကန်၊ ဩစတေးလျနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်ထားသည်ဟု JFM ကဆိုသည်။

အလားတူ ရုပ်သံထုတ်လွှင့်တင်ဆက်သည့်ပလက်ဖောင်း Twitch နှင့် Kick တို့က MRTV ၏ ထုတ်လွှင့်မှုကိုဖယ်ရှားခဲ့သလို MWD ကိုလည်း Tiktok ဘက်က ဖယ်ရှားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။