Home သတင်း မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲထားရာ ၂ နေရာကို KNLA တိုက်ခိုက်၊ ၆ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲထားရာ ၂ နေရာကို KNLA တိုက်ခိုက်၊ ၆ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

388
Photo: KNU

မေလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) မူး(မုန်း) မြို့နယ် အတွင်း နေရာယူတပ်စွဲထားသည့် စစ်အုပ်စုတပ်စခန်းနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (မေလ ၂၅ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ရွာကြီးအင်းနှင့် တောင်စုကျေးရွာကြား၌ တပ်စွဲထားသော စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ-၂၀) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၂) ကို KNLA တပ်မဟာ (၃)၊ တပ်ရင်း (၈)က ပထမအကြိမ် ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထို့နောက် မေလ ၂၃ ရက်နေ့တွင်လည်း ဘီဗြဲစခန်းအနီးရှိ ထီးလေးထာနေရာတွင် ထပ်မံနေရာယူထားသည့် စစ်အုပ်စု၏ ခမရ-၅၈၂ နှင့် ခမရ-၅၈၄ ပူးပေါင်းတပ်ဖွဲ့ကို ဒုတိယအကြိမ်အဖြစ် KNLA က ထပ်မံစီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Photo: KNU

အဆိုပါ တိုက်ခိုက်မှုနှစ်ခုအတွင်း စစ်အုပ်စုဘက်မှ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၆ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအပြီးတွင် စစ်အုပ်စုတပ်ထံမှ MA-1 (၆) လက်၊ MA-3 (၄) လက်၊ MA-4 (၁) လက်၊ MA-1 ကျည်ဘောက် (၁၅) ခု၊ MA ကျည်ဆံ (၂၀၇) တောင့်၊ M-79 ဗုံးသီး (၁၈) လုံး၊ အီနာကာ MA ခွဲဗုံး (၅) လုံး၊ ကျည်ကာအင်္ကျီ (၄) စုံ၊ သံခမောက် (၅) လုံး၊ စကားပြောစက် (၁) လုံး၊ ဖုန်း (၁) လုံး နှင့် ခေါက်ဆိုလာပြား (၁) ချပ် စသည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။