Home သတင်း လက်နက်မှုဖြင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားအား ကူညီသူများထဲတွင် ထိုင်းရေတပ်အရာရှိ ၃ ဦးနှင့် အရပ်သား ၂ ဦး ပါဝင်ပတ်သက်နေ

လက်နက်မှုဖြင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားအား ကူညီသူများထဲတွင် ထိုင်းရေတပ်အရာရှိ ၃ ဦးနှင့် အရပ်သား ၂ ဦး ပါဝင်ပတ်သက်နေ

335
Photo: Bangkok Post

မေလ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် တရားမဝင် လက်နက်များဖြင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားအား လက်နက်ရရှိရန် ချိတ်ဆက်ကူညီပေးသူများထဲတွင် ထိုင်းရေတပ် (Navy) အရာရှိများနှင့် အရပ်သား ၅ ဦးအထိ ပါဝင်ပတ်သက်နေကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

အဆိုပါ သံသယရှိသူ ၅ ဦးကို တရားမဝင် လက်နက်များနှင့် စစ်သုံးလက်နက်များ လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသော်လည်း ၎င်းတို့က စွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် အပြစ်ကင်းရှင်းကြောင်းကို တရားရုံးတွင် သက်သေထူနိုင်လိမ့်မည်ဟု အမှတ် (၂) ဒေသန္တရရဲတပ်ဖွဲ့ လက်ထောက်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ချွတ်ချိုင်က ပြောဆိုသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သံသယရှိသူ ၅ ဦးအနက် ရေတပ်ပထမတန်းအရာရှိချုပ်တစ်ဦး၊ သေနတ်ပစ်လေ့ကျင့်ရေးကွင်းပိုင်ရှင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို ပြီးခဲ့သည့် စနေနေ့ နှောင်းပိုင်း တွင် စတင်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရေတပ်အရာရှိဟောင်း ၂ ဦးကိုလည်း အမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှတ်တမ်းများအရ ဖမ်းဆီးခံထားရသူ တရုတ်နိုင်ငံသား မစ္စတာ ဆန် (Mr. Sun) သည် ပတ္တရားရှိ သေနတ်ပစ်ကွင်းသို့ သွားရောက်ကာ M16 ရိုင်ဖယ်ကဲ့သို့သော စစ်သုံးလက်နက်များကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ချွန်ဘူရီခရိုင်အတွင်းရှိ နေရာတစ်ခုတွင် ချိန်းဆိုကာ အဆိုပါ ရေတပ်အရာရှိများက သေနတ် တစ်လက်လျှင် ဘတ်ငွေ ၂ သိန်းဖြင့် ရောင်းချရန် စီစဉ်ခဲ့ကြသည်။ ယင်းသို့ လက်နက်ရောင်းဝယ်ရာတွင် ငွေကြေးအဆင့်ဆင့် လွှဲပြောင်းပေးခဲ့သည့် ဘဏ်မှတ်တမ်းများကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိထားသည်။

ထို့အပြင် မစ္စတာ ဆန်သည် အရာရှိများထံမှ အခြားအမျိုးအမည်မသိသေးသော လက်နက်များကိုလည်း ဝယ်ယူထားသည့်အပြင် ၎င်းနှင့် သေနတ်ပစ်ကွင်းပိုင်ရှင်၊ ရေတပ်အရာရှိတို့အကြား ဘဏ်အကောင့် များမှတစ်ဆင့် ငွေလွှဲပြောင်းမှုများ ရှိနေကြောင်း မူရင်းသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများသည် စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ဥပဒေအရ ရင်ဆိုင်သွားမည်ဟု ပြောဆိုထားကြသည်။

အခြားတစ်ဖက်တွင်လည်း လက်နက်အမြောက်အမြားနှင့်အတူ ဖမ်းဆီးခံရသည့် မစ္စတာ ဆန်သည် ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ပညာသင်ကြားခဲ့သူဖြစ်သည်ဟူသော စွပ်စွဲချက်များကို ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားကြောင်း သိရသည်။

Reference : Bangkok Post