Home သတင်း ထို့ကော်ကိုးနှင့် သေ့ကတေ လမ်းတိုးချဲ့မှု ဒေသခံလယ်ယာမြေများ ပျက်စီးဆုံးရှုံး၊ လျော်ကြေးရရှိရန် မျှော်လင့်နေ

ထို့ကော်ကိုးနှင့် သေ့ကတေ လမ်းတိုးချဲ့မှု ဒေသခံလယ်ယာမြေများ ပျက်စီးဆုံးရှုံး၊ လျော်ကြေးရရှိရန် မျှော်လင့်နေ

339

မေလ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်းရှိ ထို့ကော်ကိုးလမ်းနှင့် သေ့ကတေလမ်းများကို တိုးချဲ့ဆောက်လုပ်ရာတွင် တောင်ခြေရှိ ကျော်ခို့ကျေးရွာမှ လယ်ယာ မြေအများအပြား ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီမှ ထို့ကော်ကိုးသို့သွားသည့် တောင်ပေါ်လမ်းနှင့် သေ့ကတေလမ်းပိုင်းတို့ကို ပြီးခဲ့သည့်နှစ် ၂၀၂၅ခုနှစ်မှစ၍ ပြန်လည်တိုးချဲ့ဆောက်လုပ်ခဲ့ရာ လမ်းတူးရာမှထွက်လာသည့် မြေစာများ လယ်ကွင်းများအတွင်းသို့ ကျရောက်ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ထိုသို့ မြေစာပုံများကြောင့် ကျော်ခို့ကျေးရွာရှိ လယ်ယာမြေ အကွက်ပေါင်း ၂၀ ကျော် ထိခိုက်ပျက်စီးသွားရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

၎င်းဒေသခံက “တောင်ပေါ်ကတူးချလိုက်တဲ့ မြေစာတွေက လယ်တွေပေါ် ရောက်ကုန်တော့ မိုးတွင်း ဆိုရင် အဲဒီမြေကြီးတွေနဲ့ ဘယ်လိုမှ ပြန်စိုက်လို့မရတော့ဘူး။ လယ်သမားတွေက လယ်မရှိရင် ဘာလုပ်စားရမလဲ။ ဒါကိုသက်ဆိုင်ရာအဖွဲ့အစည်းက လူကြီးတွေအနေနဲ့ လယ်သမားတွေရဲ့ အခက် အခဲကို ကြည့်ပေးစေလိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လမ်းတိုးချဲ့မှုတွင် ထို့ကော်ကိုးလမ်းပိုင်းကို KNU/KNLA-PC က တာဝန်ယူဆောက်လုပ်ပြီး သေ့ကတေလမ်းပိုင်းကို ကရင်အမျိုးသားတပ်မတော် (KNA) က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ လယ်ယာမြေပျက်စီးမှုနှင့် ပတ်သက်၍ ဒေသခံများက သက်ဆိုင်ရာသို့ တင်ပြမှုများရှိသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

KNU/KNLA-PC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒီကိစ္စက ဗဟိုကို စာတက်လာတာမျိုး မရှိသေးတော့ ကျနော်လည်း အသေးစိတ် မပြောတတ်သေးဘူး။ ဒါပေမယ့် အဲဒီရွာကလူတွေက PC တို့၊ KNA တို့၊ KNU တို့နဲ့ မကင်းကြတဲ့သူတွေဆိုတော့ တင်ပြဖို့ မရဲစရာ အကြောင်းမရှိပါဘူး။ တင်ပြလာရင်တော့ တစ်စုံတစ်ခု စီစဉ်ပေးမှာပါ” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ သေ့ကတေ လမ်းပိုင်း တိုးချဲ့မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ KNA တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ယခင် မြဝတီ-ကော့ကရိတ်ကို ဆက်သွယ်ထားသော အာရှလမ်းသစ် ပိတ်ထားစဉ်ကာလက ထို့ကော်ကိုးနှင့် သေ့ကတေလမ်းတို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်စည်စီးဆင်းမှုအတွက် အဓိကအား ထားခဲ့ရသည့် လမ်းပိုင်းများဖြစ်သည်။ ထိုစဉ်က လမ်းအသုံးပြုခနှင့် ဂိတ်ကြေးများမှ ဝင်ငွေအများအပြား ရရှိခဲ့သည့် လမ်းပိုင်းလည်းဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုဘက်မှ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုအတွက် အဆိုပါ လမ်းပိုင်းများကိုပင် ဆက်လက်အသုံးပြုနေရဆဲ ဖြစ်ကြောင်း သိရသည်။