Home သတင်း နယ်စပ်ဒုက္ခသည်စခန်းများတွင် ထောက်ပံ့မှုလျှော့ချခံရ၍ အမှိုက်သိမ်းဆည်းရေး အကျပ်ရိုက်နေ

နယ်စပ်ဒုက္ခသည်စခန်းများတွင် ထောက်ပံ့မှုလျှော့ချခံရ၍ အမှိုက်သိမ်းဆည်းရေး အကျပ်ရိုက်နေ

467
Photo: CJ

မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (International Rescue Committee-IRC) ၏ ထောက်ပံ့မှုများ လျော့နည်းလာခြင်းကြောင့် အမှိုက် သိမ်းဝန်ထမ်းများ လျှော့ချလိုက်ရကာ စခန်းတွင်း သန့်ရှင်းရေးနှင့် အမှိုက်စွန့်ပစ်မှုစနစ်များ အခက်အခဲဖြစ်ပေါ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခင်က အဆိုပါ အမှိုက်သိမ်းဆည်းခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းများကို IRC ၏ ရန်ပုံငွေဖြင့် လည်ပတ်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၆ ခုနှစ်မှစ၍ အကူအညီများ လျော့ကျသွားသည့်အတွက် ဝန်ထမ်းအင်အား မလုံလောက်တော့ဘဲ လုပ်ငန်းစဉ်တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်နေခြင်းဖြစ်သည်။

“စခန်းတစ်ခုလုံးရဲ့ အမှိုက်ကို သိမ်းဖို့၊ ခွဲခြားဖို့နဲ့ မီးရှို့ဖို့ဆိုတာ လူတစ်ယောက်နှစ်ယောက်နဲ့ မရဘူး။ အခုက လူအင်အားနည်းသွားတော့ မနိုင်တော့ဘူး။ ဒါကြောင့် စခန်းသားတွေအနေနဲ့ မိမိတို့အမှိုက်ကို မိမိတို့ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်နေပြီ” ဟု အုန်းဖြန်ဒုက္ခသည်စခန်း ဒု-တာဝန်ခံ စောနီဒို့က ကေအိုင်စီသို့ ပြောသည်။

အလားတူ ထိုင်း-မြန်မာ နယ်စပ်တွင် အကြီးဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင်လည်း အမှိုက်ကန်များ ပြည့်လျှံနေပြီး အမှိုက်စွန့်ပစ်ရန် နေရာသစ်အတွက် ခွင့်ပြုချက်မရရှိသေးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။

Photo: CJ

မယ်လစခန်းတာဝန်ခံ စောဆန်းဒေးက “မယ်လမှာတော့ (COERR) က တာဝန်ယူပေးပေမဲ့ အမှိုက်ကန်က ပြည့်နေပြီ။ နေရာသစ်လည်း မရသေးတော့ ဒီအမှိုက်တွေကို ကားကြီးနဲ့ မဲဆောက် အမှိုက်ပုံအထိ သွားပို့ရမယ်။ အဲဒီလို သယ်ယူစရိတ်ကလည်း အရမ်းကြီးတယ်” ဟု ပြောသည်။

လက်ရှိတွင် စခန်းကော်မတီများအနေဖြင့် အမှိုက်များကို အမျိုးအစား ၃ မျိုး ခွဲခြားစွန့်ပစ်ရန် ပညာပေးမှုများ လုပ်ဆောင်နေရပြီး မိုးဦးကျကာလဖြစ်၍ ချောင်းမြောင်းများအတွင်း အမှိုက်မပစ်ကြရန်နှင့် လမ်းဘေးတွင် စည်းမဲ့ကမ်းမဲ့ မစွန့်ပစ်ကြရန် စည်းကမ်းချက်များ ထုတ်ပြန်ထားရသည်။

IRC ၏ ရန်ပုံငွေ လျှော့ချခံရမှုကြောင့် အမှိုက်စွန့်ပစ်မှုစနစ်သာမက ရေပေးဝေ ရေးလုပ်ငန်းများတွင်လည်း အခက်အခဲရှိနေပြီး ဒုက္ခသည်များအနေဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ရုန်းကန်နေကြရကြောင်း စခန်းသတင်းရပ်ကွက်များထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘမ့်ဒုံယမ်းနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) နှင့် (၂) စသည့် ဒုက္ခသည်စခန်း (၉) ခုရှိသည်။ လက်ရှိတွင် အဆိုပါစခန်းများ၌ စုစုပေါင်း လူဦးရေ ၉၀,၀၀၀ ခန့် ရှိနေကြောင်း UNHCR နှင့် နယ်စပ်ရှိ ကူညီစောင့်ရှောက်ရေးအဖွဲ့ (The Border Consortium – TBC) တို့၏ အချက်အလက်များအရ သိရသည်။