မေ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများသို့ မေလ ဒုတိယအပတ်ကတည်းက စစ်ကြောင်းထိုးလာသော စစ်အုပ်စုမှာ ဒေသခံပြည်သူပိုင် လယ်ယာသုံးပစ္စည်းများအပါအဝင် တန်ဖိုးရှိပစ္စည်းမှန်သမျှကို ခိုးယူသယ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။
ကျောက်တံခါး၊ ပိန်းဇလုပ်မြို့နှင့် စစ်တောင်းမြစ်အကြားသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းဝင်ရောက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး လတ်လော စစ်အုပ်စုဘက်မှ စစ်ရေး အသာစီးရထားသည်။
စစ်ဘေးကြောင့် ဒေသခံများနေရပ်ရှောင်နေချိန် အိမ်၌ကျန်ရစ်သည့်တန်ဖိုးရှိ ဥစ္စာပစ္စည်းများကို စစ်အုပ်စုကခိုးယူသယ်ဆောင်နေခြင်းရှိသည်ဟု စစ်တောင်းမြစ်အရှေ့ဘက်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့စစ်တပ် ဝင်စီးလို့ရတဲ့ရွာက ပြည်သူတွေပိုင်တဲ့ပစ္စည်းအကုန်မြို့ကိုသယ်တာ။ နဖူးကချွေး ခြေမကျအောင်ရုန်းကန်ရှာဖွေထားရတဲ့ ပစ္စည်းတွေ။ ဖျံတစ်လင်းရွာကပစ္စည်းတွေဆို အကုန်သယ်ပြီးပြီ။ သမင်အင်းကုန်းရွာကိုလည်း သူတို့ဝင်လို့ရသွားပြီ အထိဆုံးကတော့ အဲဒီဖျံတလင်းရွာပဲ” ဟု အဆိုပါ လယ်ယာလုပ်ကိုင်သူ အသက်(၆၀)အရွယ် အမျိုးသားက ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီး/လယ်ဒိုမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်ထံ စုံစမ်းမေးမြန်းချက်အရ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့တွင် အင်အား(၁,၀၀၀)ဝန်းကျင်ပါရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုလည်း ရှိနေပြီး အဓိကအားဖြင့် စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု အကူအညီပေးနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်က “အခြေအနေကတော့ နေရာတော်တော်များများ ပြန်ပေးထားရတယ်၊ သမင်အင်းကုန်း၊ နံဇ၊ ဖျံတလင်း။ လောလောဆယ် သူတို့စစ်ကြောင်းက သမင်အင်းကုန်းမှာရောက်နေတယ်။ ကျနော်တို့ကာထားတုန်း၊ တက်လာတာကလည်းများတယ် အပေါ်(လေကြောင်း)က လာတာပိုဆိုးတယ်” ဟု ကေအိုင်စီကို ပြောသည်။
စစ်ကြောင်းဝင်ရောက်စီးနင်းလာသော နယ်မြေတစ်ကြောရှိ ဒေသခံများမှာလည်း မြို့ပေါ်နှင့် ဘေးလွတ်နိုင်သည့်ရွာများတွင် သွားရောက်စစ်ဘေးရှောင်နေရကြောင်း ကျောက်ကြီးမြို့နယ်ရှိ ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့် မတ်လကလည်း ကျောက်ကြီးမြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းထိုးမှုနှင့် အင်အားသုံးတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် လူသေဆုံးမှုဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ထောင်နှင့်ချီရှိခဲ့သေးသည်။
ထို့အတူ ညောင်လေးပင်ခရိုင်တစ်ခုလုံးအပါအဝင် ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် ပြီးခဲ့သည့်နှစ်ကုန်အထိ စစ်ဘေးရှောင်စုစုပေါင်း ၁ သန်းကျော်ရှိနေပြီး စားနပ်ရိက္ခာလိုအပ်ချက်ကြီးမားနေကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN မှ သိရသည်။



















