Home သတင်း ကျေးရွာအတွင်း စစ်အုပ်စုတပ်စွဲထားသဖြင့် လေးကေ ဒေသခံများ နေရပ်မပြန်ရဲသေး

ကျေးရွာအတွင်း စစ်အုပ်စုတပ်စွဲထားသဖြင့် လေးကေ ဒေသခံများ နေရပ်မပြန်ရဲသေး

400

မေလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးရွာအုပ်စုရှိ လေးကေကျေးရွာတွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က စစ်အုပ်စုတပ်က ပြန်လည် ထိန်းချုပ်မှုပြုလုပ်ပြီးနောက် ရွာအတွင်း စခန်းချနေထိုင်သဖြင့် တိမ်းရှောင်ထွက် ပြေးနေရသော ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း နယ်မြေခံတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ စစ်အုပ်စုများ အင်အားအများအပြား အသုံးပြု၍ ဝင်ရောက်နေထိုင်မှုကြောင့် တော်လှန် ရေးပူး ပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်လာနိုင်မည့်အရေးနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဒေသခံအများစုက ယခုလို နေရပ်ပြန်မနေထိုင်ရဲသေးကြခြင်း ဖြစ်သည်ဟု သိရသည်။

“စစ်တပ်က အခုလေးကေရွာမှာ နေတယ်။ ရွာသားတွေကိုလည်း အိမ်ပြန်လာနေခိုင်းတယ်။ လုံခြုံ ရေးက စိတ်မချရသေးတော့ ဒေသခံတွေလည်း အိမ်ပြန်လာမနေရဲကြသေးဘူးလေ။ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ရွာသားတွေက စိုးရိမ်တယ်။ အခု ပြန်နေကြတဲ့သူ တစ်‌ယောက်မှ မကြားမိသေးဘူး” ဟု ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

တဖက်တွင်လည်း ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့် ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “အခြေအနေက ပြန်မရဲကြသေးဘူး။ မနေ့က လေယာဉ်နဲ့ ပစ္စည်းလာချသေးတယ်။ အခုလည်း အသံတွေတော့ မကြာမကြာ ကြားရတယ်။ တိုက်ပွဲဖြစ်နေတယ်လို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ယခုနှစ်အစကတည်းက စစ်အုပ်စုစစ် ကြောင်း ဝင်ရောက်မှုများ ခပ်စိပ်စိပ်ရှိနေပြီး ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် စစ်အုပ်စုက နေအိမ်မီးရှို့၊ ဖျက်ဆီးမှုများလုပ်နေ၍ ယနေ့အထိ တိမ်းရှောင်နေရသူ သောင်းဂဏန်းအထိရှိကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။