Home သတင်း ဖားအံမြို့နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်း ဆင်းပွဲ သင်တန်းသား ၇၀၀ ကျော် တက်ရောက်

ဖားအံမြို့နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်း ဆင်းပွဲ သင်တန်းသား ၇၀၀ ကျော် တက်ရောက်

286
Photo: Social Media

မေလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇွဲကပင်တောင်ခြေ၊ ဒုံရင်းဒေသရှိ အောက်ရေတံခွန် (ထီလင်ဘာ)၌ ကျင်းပသည့် (၃)ကြိမ်မြောက် ဖားအံမြို့နယ်အဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲသို့ သင်တန်းသူ၊ သင်တန်းသားပေါင်း ၇၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မေလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ စုပေါင်းပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့်ရက်အဖြစ် သတ်မှတ်ထားပြီး မေလ ၂၀ ရက်နေ့တွင် စုပေါင်းဆုပေးပွဲအခမ်းအနားကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

ယခုပွဲကို ဖားအံမြို့နယ်အဆင့်အဖြစ် ကျင်းပခြင်းဖြစ်သော်လည်း လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စာပေနှင့်ယဉ်ကျေးမှု စာသင်ဌာနပေါင်း ၁၈ ခုမှ လာရောက်ပူးပေါင်း တက်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

သင်တန်းကော်မတီဝင်တစ်ဦးက “သင်တန်းကတော့ ပြောရမယ်ဆိုရင် ဖားအံမြို့နယ်အဆင့် စုပေါင်း သင်တန်းဆင်းပွဲပါပဲ။ ဒီဒုံရင်းမှာ ဒီလိုစုပေါင်းသင်တန်းဆင်းတာက ၃ ကြိမ်မြောက်ပေါ့။ ပြည်နယ်အဆင့်အနေနဲ့က မကျင်းပတာကြာပြီ။ အခုက မြို့နယ်အဆင့်ဆိုပေမယ့်လည်း မြို့နယ်အစုံက လာပြီးတက်ရောက်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Social Media

ယခုစုပေါင်းသင်တန်းဆင်းပွဲတွင် ကရင်စာပေဘာသာရပ်များအပြင် ကရင်ယဉ်ကျေးမှုဆုနှင့် သင်တန်းစည်းကမ်းလိုက်နာမှုဆုများကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

စာပေပြိုင်ပွဲတွင် လိက်ခင်းထါ် (အခြေခံသူငယ်တန်းအဆင့်)မှ လိက်လီဆင့် (စတုတ္ထတန်း)အထိ ဖြေဆိုယှဉ် ပြိုင်ကြသည့်အပြင် ကရင်ဆောင်းပါး၊ ကရင်ကဗျာ၊ ဝတ္ထုနှင့် ပန်းချီပြိုင်ပွဲများလည်း ပါဝင်သည်။ ယဉ်ကျေးမှု ဘာသာရပ်တွင်မူ အဖွဲ့လိုက် ကရင်ဒုံးအက၊ တစ်ကိုယ်တော်နှင့် အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် တေးသရုပ်ဖော်ပြိုင်ပွဲ စသည့် ကဏ္ဍရပ်များကို ထည့်သွင်းယှဉ်ပြိုင်နေကြသည်ဟု သိရသည်။

နွေရာသီကျောင်းပိတ်ရက်များတွင် ဒေသအသီးသီးရှိ ကရင်လူမျိုးများ နေထိုင်ရာကျေးရွာများ၌ ရွာအလိုက် ကရင်စာပေသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလေ့ရှိပြီး သင်တန်းအပြီးတွင် ဒေသလုံးဆိုင်ရာ စုပေါင်းသင် တန်းဆင်းပွဲ သို့မဟုတ် မြို့နယ်အဆင့် စုပေါင်းသင်တန်းဆင်းပွဲများကို ကျင်းပလေ့ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလက ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရဟန်း သံဃာတော်များ ဦးစီး၍ ပြည်နယ်အဆင့် စုပေါင်းသင်တန်းဆင်းပွဲကြီးကို နှစ်စဉ် ကျင်းပခဲ့သော်လည်း ကိုဗစ်ကာလမှစတင်ကာ ရပ်နားခဲ့ရသဖြင့် လက်ရှိအချိန်အထိ ပုံမှန်ပြန်လည်ကျင်းပနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။