Home သတင်း လယ်မူလားမြို့နယ်တွင် တစ်ရက်အတွင်း စစ်အုပ်စုက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၊ မူကြိုကျောင်းနှင့် အရပ်သားနေအိမ်များ ပျက်စီး

လယ်မူလားမြို့နယ်တွင် တစ်ရက်အတွင်း စစ်အုပ်စုက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၊ မူကြိုကျောင်းနှင့် အရပ်သားနေအိမ်များ ပျက်စီး

421
Photo: KNU

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က တစ်ရက်အတွင်း စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် မူကြိုကျောင်းတစ်ကျောင်းနှင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (မေလ ၂၄ ရက်) တွင် သတင်းထုတ်ပြန်သည်။

မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လယ်မူလားမြို့နယ်၊ ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာအတွင်းသို့ စစ်အုပ်စု၏ တိုက်လေယာဉ် (Jet Fighter) တစ်စီးက ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ရွာရှိ မူကြိုစာသင်ကျောင်းတစ်လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ယင်းနေ့ ညနေ ၂ နာရီ ၅၅ မိနစ်အချိန်တွင်လည်း လယ်မူလားမြို့နယ်၊ ထီးမိုပွာလာခေါကျေးရွာအုပ်စု၊ ကင်းနီကျွန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံလာရောက်ဗုံးကြဲချခဲ့သဖြင့် အရပ်သားပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

ယခုကဲ့သို့ စစ်အုပ်စုတပ်က အရပ်သားပြည်သူလူထုနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေခြင်းကြောင့် ကော်သူးလေ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံအရပ်သားပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် နေထိုင်နေကြရသည်ဟု ကေအဲန်ယူက ဆိုသည်။

ယနေ့ (မေလ ၂၄ ရက်) နေ့လယ် ၁၁ နာရီခန့်တွင်လည်း ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့ရှိ လူနေရပ်ကွက်အတွင်းသို့ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ်နှင့် အဆောက်အအုံ ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။