Home ကဗျာ လက်နက်စစ်တမ်း

လက်နက်စစ်တမ်း

348

လက်နက်စစ်တမ်း

ထီဆေ့မေ့(မြစ်ဝကျွန်းပေါ်)

ကိုယ်ပိုင်သင်တိုင်းနဲ့
ကိုယ်ပိုင်အလံ စိုက်ထူ
အေးအေးလူလူ နေချင်ခဲ့တဲ့ လူမျိုး။

စစ်သမိုင်း အရိုင်းအစိုင်းတွေအောက်
ဒူးမထောက်ချင်ကြတော့
အရှေ့ကျွန်းဆီ နေဝန်းနီကိုမျှော်ကြည့်
ကိုယ့်လက်နက်တွေကိုပဲ ပြန်ကိုင်မိကြတယ်။

ကရင်တစ်ကျပ် ဗမာတစ်ကျပ်
တန်းတူမညီမျှမှတော့
ကိုယ့်ကြမ္မာဖန်တီးရေးအတွက်
ကိုယ့်လက်နက်ကိုယ်ကိုင် ကိုယ့်ပန်းတိုင်ကိုယ်လျှောက်
ဘယ်သူ့ကိုမှ ကြောက်မနေကြတော့ဘူး။

ကိုယ့်လက်နက်ကိုယ်ကိုင် ကိုယ့်ပန်းတိုင်ကိုယ်လျှောက်
ဘယ်သူ့ကိုမှ ကြောက်မနေကြတော့ဘူး
ဘယ်သူ့မျက်နှာမှလည်း ထောက်မနေကြတော့ဘူး။

ကိုယ့်လက်နက်ဟာ
ကိုယ့်အမျိုးသားရေးအတွက်ပဲ ဖြစ်ရမယ်လေ။

ကိုယ့်လက်နက်ဟာ
ကိုယ့်လက်ထဲ ရှိနေတာတောင်
ကိုယ့်လူမျိုးဟာ
အမျိုးမျိုးနှိပ်စက်ခံရ
မုဒိန်းကျင့်ခံရ
ရွာလုံးကျွတ်မီးရှို့ခံရ
လေယာဉ်နဲ့ ဗုံးကြဲခံရ
ကြာတော့ လက်နက်တွေက ရှက်စရာလိုဖြစ်လာကြ။

ပျောက်ဆုံးသွားတဲ့ကရင်ရွာနဲ့
ပြန်ခေါ်လို့ မထူးတော့တဲ့ အမည်နာမတွေအတွက်
ကိုင်ထားတဲ့လက်နက်တွေ ပြန်ပြန်ကြည့်
အမျိုးသားရေး စစ်စစ်ဖြစ်ပါစေ။

ထီဆေ့မေ့(မြစ်ဝကျွန်းပေါ်)

၂၃-၅-၂၀၂၆

(၃၇)နှစ်မြောက် KYO နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုပါသည်။