Home သတင်း ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်းရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်းရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

431
Photo: CJ

မေ (၂၆) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ဖာပွန်ဗျူဟာသို့ စစ်ကူလာသည့် စစ်အုပ်စုစစ်ကြောင်းမှာ ယမန်နေ့ မေလ(၂၅)ရက်နေ့က ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်း(လယ့်ကွယ်ဒို)ကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း တပ်မဟာ(၅) ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

စစ်ဘေးရှောင်၍ လူမရှိသည့်ကျေးရွာများကိုမီးရှိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည့် အဆိုပါစစ်ကြောင်းမှာ ယမန်နေ့တွင် ကျောက်ကွင်းကျေးရွာထဲကို ဝင်၍ လူနေအိမ် (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးသွားသည်။ ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုများလည်း လုပ်ဆောင်နေသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက ပြောသည်။

“ဟိုနေ့က ကျောက်ကွင်းရွာထဲဝင်ပြီး အိမ်တွေကိုမီးရှို့တာ။ အိမ်အလုံးရေ (၇၀)ကျော်(၁၀၀) ဝန်းကျင်လောက်ရှိတယ် ထိခိုက်မှုအရမ်းများတယ်။ လက်နက်ကြီးနဲ့ပစ်တာတွေလည်း အရမ်းများတယ်။ သူတို့ပြောတဲ့ ကျူပင်ခုတ်ကျူငုတ်မကျန် လိုမျိုးပုံစံနဲ့လုပ်နေတယ်” ဟု ပဒိုစောရော်ဘင်မူးက ပြောသည်။

မေလ(၂၄)ရက်နေ့တွင် မော့လော်ကလိုး(ရေပူ)ကျေးရွာအလွန် မိုင်၄၀ သို့ ရောက်ရှိလာသည့် စစ်အုပ်စုစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။ တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးခြင်းရှိပြီး ၎င်းအနက် တပ်ရင်းမှူးတစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

အင်အား(၂,၀၀၀)ကျော်ပါရှိသည့် အဆိုပါစစ်အုပ်စုတပ်ဖွဲ့မှာ ဖာပွန်ဗျူဟာသို့ စစ်ကူပေးရန်နှင့် ဖာပွန်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ဆိုသည်။ စစ်ကြောင်းတစ်လျှောက် လမ်းရှင်းသည့်အနေဖြင့် အနီးဝန်းကျင်ကျေးရွာများထဲ ဝင်ရောက်ပြီး အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်ဖျက်ဆီးမှုတို့ကို စစ်အုပ်စုက တိုးမြှင့်လုပ်ဆောင်နေခြင်းရှိသည်။

ထိုစစ်ကြောင်းသည် ပြီးခဲ့သည် မေလ(၂၁)ရက်နေ့ကလည်း ဝါသိုးထကျေးရွာအတွင်း ဝင်ရောက်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားသေးသည်။ အလားတူ မဲကုလားကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြား ပျက်ဆီးသွားခြင်းရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။