Home သတင်း ထိုင်းတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားက ကမ္ဘောဒီးယား၌ တိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်ကြောင်း ထွက်ဆို

ထိုင်းတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားက ကမ္ဘောဒီးယား၌ တိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်ကြောင်း ထွက်ဆို

390
Photo: Bangkok Post

မေလ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် လက်နက်ခဲယမ်းအမြောက်အမြားဖြင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား သည် ကမ္ဘောဒီးယားနိုင်ငံရှိ ပြိုင်ဘက်ကျားဖြန့် (Scam) ဂိုဏ်းတစ်ခုကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်ခြင်းမျိုးမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြရေးသားသည်။

တရုတ်နိုင်ငံသားဖြစ်သည့် ဆွန်မင်ချန်း (Sun Mingchen) သည် ကမ္ဘောဒီးယားအခြေစိုက် ရာဇဝတ် ဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိပြီး ၎င်းတို့အကြား ဖြစ်ပွားနေသည့် ပြင်းထန်သော ပဋိပက္ခများကို ဖြေရှင်းရန် စီစဉ်ခဲ့ကြောင်း ထိုင်းနိုင်ငံ၏ ရဲဗိုလ်ချုပ် တရိုင်ရုန်းဖီဖန် (Pol Lt Gen Trairong Phiwphan) က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သံသယရှိသူ (သို့မဟုတ်) ၎င်း၏ ကွန်ရက်သည် ထိုင်းနိုင်ငံအတွင်း အကြမ်း ဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည့် အရိပ်အယောင် (သို့မဟုတ်) အထောက်အထား တစ်စုံတစ်ရာ မရှိပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။

အသက် ၃၁ နှစ်အရွယ် ဆွန်မင်ချန်းသည် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် (Passport) များ ကိုင်ဆောင်ထားပြီး ပုံမှန်အားဖြင့် ချမ်းသာကြွယ်ဝသည့် ဧည့်သည်များအား ထုတ်ပေးလေ့ရှိသော Thailand Privilege ဗီဇာကိုလည်း ရရှိထားသူဖြစ်သည်ဟု ရဲများက ဆိုသည်။

ထို့အပြင် ၎င်းသည် တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ (Residence Visa) လည်း ရှိထားပြီး ၎င်း၏ ငွေကြေးစီးဆင်းမှုများကို စုံစမ်းစစ်ဆေးရာတွင် ဘတ်ငွေ သန်းနှင့်ချီသော လည်ပတ်မှုများကို တွေ့ရှိရကာ ကမ္ဘောဒီးယားအခြေစိုက် ကျားဖြန့် (Scam) ဂိုဏ်းများ အသုံးပြုနေသည့် ဘဏ်အ ကောင့်များနှင့် ခရစ်ပတိုကာရန်စီ ပိုက်ဆံအိတ်များကို ချိတ်ဆက်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Photo: Bangkok Post

အဆိုပါ တရုတ်နိုင်ငံသားကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ချွန်ဘူရီ (Chon Buri) တွင် ဖြစ်ပွားခဲ့သည့် ၎င်း၏ ကားမတော်တဆမှုမှတစ်ဆင့် မော်တော်ယာဉ်ပေါ်တွင်သာမက ပတ္တရားရှိ ၎င်းငှားရမ်းနေထိုင်သည့် အိမ်အတွင်း၌ပါ လက်နက်ခဲယမ်းအမြောက်အမြားကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းလက်နက်များထဲတွင် ဖျက်အားပြင်း C-4 ဖောက်ခွဲရေးပစ္စည်းများအပြင် တိုက်ခိုက်ရေးရိုင် ဖယ်သေနတ်များ၊ ကျည်ကာဝတ်စုံများ၊ အဝေးထိန်းဖောက်ခွဲရေးပစ္စည်းများ အစရှိသည့် စစ်တပ်သုံး လက်နက်များ ပါဝင်ကြောင်း ထိုင်းသတင်းများက ဖော်ပြရေးသားကြသည်။

၎င်းအပြင် လက်နက်များဖြင့် ဖမ်းဆီးရမိချိန်တွင် ဖမ်းဆီးရမိသူ မစ္စတာဆွန် (Mr. Sun) က ၎င်းတွင် စိတ်ကျရောဂါ ခံစားနေရပြီး မိမိကိုယ်မိမိ အဆုံးစီရင်ရန်အတွက် လက်နက်များ စုဆောင်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ကနဦး ထွက်ဆိုထားကြောင်း ရဲဗိုလ်ချုပ် တရိုင်ရုန်းက ပြောဆိုခဲ့သည်။

လက်ရှိ အဆိုပါအမှုနှင့် ဆက်နွှယ်ပြီး သံသယရှိသူ (၆) ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အဆိုပါ တရုတ်နိုင်ငံသားထံသို့ လက်နက်များ ထောက်ပံ့ပေးခဲ့သည့် ထိုင်းတပ်မတော်သားအချို့လည်း ပါဝင်ကြောင်း သိရသည်။

Reference : Bangkok Post