Home သတင်း တနောသရီတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ

တနောသရီတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရ

237
Photo: KNU

မေလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အရပ်သား အမျိုးသားတစ်ဦး သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ (မေလ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ညနေပိုင်းက တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ထုံတော် ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်အုပ်စုတပ်၏ ခြေမြန်တပ်ရင်း -ခမရ (၅၆၁) တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲမှုကြောင့် ကျွဲထိန်းကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျွဲထိန်းကုန်းကျေးရွာအတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့မှာမူ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

“စစ်အုပ်စုသည် အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေခြင်းကြောင့် ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် ရှင်သန်နေကြရသည်” ဟု ကေအဲန်ယူက ဆိုသည်။

စစ်အုပ်စုတပ်သည် အရပ်သားကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိသဖြင့် တနောသရီမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူအများအပြားမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေ့စဉ်လူမှုဘဝ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။