Home သတင်း စားနပ်ရိက္ခာအကြပ်အတည်းဖြေရှင်းရန် EU မှ မြန်မာကို ဒေါ်လာ (၈.၆) သန်း ထောက်ပံ့

စားနပ်ရိက္ခာအကြပ်အတည်းဖြေရှင်းရန် EU မှ မြန်မာကို ဒေါ်လာ (၈.၆) သန်း ထောက်ပံ့

505
Photo: WFP

မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကမ္ဘာ့အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်၍ စားနပ်ရိက္ခာကြပ်တည်းလာမှုကိုဖြေရှင်းရန် ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံသို့ ယူရို(၈)သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် (၈.၆)သန်းဝန်းကျင်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)မှတဆင့် ထောက်ပံ့ကူညီလိုက်ကြောင်း သိရသည်။

ယနေ့ မေလ(၁၈)ရက်နေ့ဖြင့် EU နှင့် WFP ၏ ပူးတွဲကြေညာချက်တွင် ဖေဖော်ဝါရီလမှစတင်ကာ တဖြည်းဖြည်းမြင့်တက်လာသည့် စက်သုံးဆီဈေးနှင့်ကုန်ဈေးနှုန်းကြောင့် မြန်မာပြည်တွင် အခြေခံစားသောက်ကုန်များပင် လက်လှမ်းမမီနိုင်သော အခြေအနေကိုတွန်းပို့နေကြောင်း ဖော်ပြသည်။ ထိုစားနပ်ရိက္ခာအခက်အခဲကိုဖြေရှင်းရန် WFP မှတဆင့် ယူရို(၈)သန်း ထောက်ပံ့ကူညီလိုက်သည်ဟု EU က ဆိုသည်။

“EU အနေနဲ့ အရေးပါလှတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ ကတိပြုထားပြီး အခုလို ခက်ခဲတဲ့ကာလမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ဆက်ပြီးရောက်ရှိနိုင်ဖို့ ပံ့ပိုးကူညီနေပါတယ်” ဟု ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အစီအစဉ် ကြီးကြပ်သူ Ms. Jessica Chaix က ပြောသည်။

WFP အနေဖြင့် အဆိုထောက်ပံ့ငွေများကို ပြည်တွင်းပဋိပက္ခနှင့်စီးပွားရေးအခက်အခဲ ခံစားနေရသည့်မိသားစုများထံ အရေးပေါ်စားနပ်ရိက္ခာ ကူညီပေးမည်ဖြစ်ကြောင်းလည်း ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် နို့တိုက်မိခင်များအတွက် အာဟာရထောက်ပံ့မည်ဖြစ်သလို အဖွဲ့အစည်းများကြား ပေါင်းစပ်ညှိနှိုင်းမှုကိုပါ မြင့်တင်နိုင်မည်ဟု ဆိုသည်။

Photo: WFP

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Michael Dunford က “EU ရဲ့ ပံ့ပိုးမှုကြောင့် ကျနော်တို့ဟာ အချိန်မီ အကူအညီတွေပေးအပ်နိုင်မှာဖြစ်ပြီး၊ အရာရာဆုံးရှုံးထားရတဲ့ မိသားစုတွေအနေနဲ့ နလန်ပြန်မထူနိုင်တော့တဲ့ အခြေအနေအထိ တွန်းပို့မခံရစေအောင် ကာကွယ်ပေးနိုင်မှာပါ” ဟု ကြေညာချက်တွင် ပြောသည်။

ကြေညာချက်အရ မြန်မာနိုင်ငံအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ပဋိပက္ခဒေသများတွင် အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးအားဖြင့် ၁၈ ရာခိုင်နှုန်းရှိသည်။ ၎င်းအနက် မကွေးတိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၃၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ထို့အတူ မြေဩဇာဈေးနှုန်းနှင့်အကန့်အသတ်ရှိခြင်းကြောင့် တောင်သူလယ်သမားပြည်သူများမှာ မြေဩဇာအသုံးပြုမှုကိုလျှော့ချနေကြပြီး ထက်ဝက်လျော့ကျမှုက စပါးထုတ်လုပ်မှုကို ၁၅ ရာခိုင်နှုန်း လျော့ကျစေသည်။ ယင်းကြောင့် နောင်နှစ်တွင် စားနပ်ရိက္ခာအကြပ်အတည်းကို ပိုမိုဆိုးရွားလာစေမည်ဟု ဆိုသည်။

WFP နှင့် EU တို့၏ပူးတွဲကြေညာချက်အရ မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ ၃.၇ သန်းရှိသည်။ အလားတူ နိုင်ငံ့လူဦးရေ ၁၂.၄ သန်းသည်လည်း ဆာလောင်မွတ်သိပ်မှုကို ခံစားနေကြရကြောင်း သိရသည်။