Home သတင်း မြဝတီ-ကျုံဒိုး အာရှလမ်းပေါ် ထိုင်းကုန်စည်များ ဖမ်းဆီးခံရ၍ ယာဉ်မောင်းများ စစ်တပ်ဂိတ်များကို ရှောင်ကွင်း သယ်ယူနေရ

မြဝတီ-ကျုံဒိုး အာရှလမ်းပေါ် ထိုင်းကုန်စည်များ ဖမ်းဆီးခံရ၍ ယာဉ်မောင်းများ စစ်တပ်ဂိတ်များကို ရှောင်ကွင်း သယ်ယူနေရ

362
Photo: Social Media

ဧပြီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းတွင် ထိုင်းထုတ်ကုန်များကို စစ်အုပ်စုက ဖမ်းဆီး သိမ်းဆည်းနေသည့်အတွက် အာဏာသိမ်း စစ်တပ်ဂိတ်များကို ရှောင်ကွင်းသည့် တောင်ကျော်လမ်းနှင့် ရွာချင်း ဆက်လမ်းမှတစ်ဆင့် ကုန်စည်များသယ်ယူပို့ဆောင်နေရကြောင်း ကုန်သည်နှင့် ယာဉ်မောင်းများက ပြောသည်။

ယခုလ ဧပြီလ ၂ ရက်မှစပြီး စစ်အုပ်စုက ပြန်လည်သွားလာခွင့်ပြုထားသည့် အဆိုပါ အာရှလမ်းမလမ်းပိုင်းတွင် ထိုင်းထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် သင်္ကြန်ကာလ ထိုင်းနိုင်ငံမှ နေရပ်ကျေးရွာပြန်လာသူများ သယ်ယူလာသည့် ထိုင်းပစ္စည်းများကို စစ်အုပ်စုက ဖမ်းဆီးသိမ်းဆည်းသည့်အတွက် စစ်တပ်ဂိတ်များကို ရှောင်ကွင်းသွားရကြောင်း ခရီးသည်တင်ကားမောင်းသူက ပြောသည်။

“မိန်းကလေးသုံး မိတ်ကပ်၊ နှုတ်ခမ်းနီဘူးကအစ ထိုင်းပစ္စည်းဆိုပြီး သိမ်းတယ်။ ကလေးမုန့်၊ နို့ဘူး၊ မုန့်ပုံး တွေလည်း သိမ်းတယ်။ ရွာက မိဘအတွက် ဝယ်လာလည်းမရဘူး၊ သိမ်းတယ်။ ရွာဘက် ဈေးကားတွေတောင် ပစ္စည်းပါရင် စစ်တပ်ဂိတ်ကို ရှောင်ပြီး ရွာပတ်လမ်းတွေကနေ မောင်းရတယ်” ဟု မြဝတီ-ဖားအံ ခရီးသည်တင်ကားမောင်းသူက ပြောသည်။

Photo: Social Media

ယခုလတ်တလောတွင် မြဝတီဘက်မှ ကျုံဒိုး-ဖားအံဘက် အဆင်းလမ်းကြောင်းကို ထိုင်းပစ္စည်း ပါသူများအနေဖြင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ထားသည့် တောင်ကျော်လမ်းပိုင်းများနှင့် ကျေးရွာချင်း ဆက်လမ်းများကိုသာ အားကိုးပြီး သွားလာနေရကြောင်း ကုန်စည်ခြောက်ဘီးကား သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်သူ တစ်ဦးကလည်း ပြောသည်။

၎င်းက “အခုအာရှလမ်းက ဖားအံကနေ မြဝတီကို အလွတ်တက်မယ်၊ အိမ်စီးကားခရီးသည်နဲ့ တက်မယ်ဆို အာရှလမ်းက တက်ကြတယ်။ မြဝတီက ဖားအံပြန်ဆင်းမယ်၊ ကုန်ပါတယ်၊ ထိုင်းပစ္စည်းပါတယ်ဆို ကရင်အဖွဲ့ အစည်းလမ်းက တောင်ကျော်ဆင်းကြတယ်။ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းတွေကို အဖွဲ့အစည်းနာမည်နဲ့ သွားရတယ်။ စစ်တပ်ဂိတ်ချထားတဲ့ နေရာတွေကို ရှောင်ပြီး မောင်းရတယ်” ဟု ပြောသည်။

ထို့အပြင် သင်္ဃန်းညီနောင်၊ ကိုးတိုင်/တံတားကျိုး၊ ဂျိုင်း/ကျားကလေးလမ်းဆုံ နေရာများတွင် စစ်အုပ်စု ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံမှ တပ်စွဲစုပေါင်းဂိတ်ချကာ ခရီးသွားသူနှင့် ကား၊ ဆိုင်ကယ်များအား စစ်ဆေး ငွေတောင်းခံမှုများ ဆက်ပြီးရှိနေဆဲဖြစ်ကြောင်း ဒေသတွင်း ခရီးသွားသူနှင့် ယာဉ်မောင်းများ ပြောဆိုချက်အရ သိရသည်။