ဧပြီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို အခြေပြု၍ ဧပြီလ ၁ ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ခဲ့သော အင်ကြင်းမြိုင် ရေပေါ်ဈေး၏ မြန်မာဘက်ခြမ်းတွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ထည့်သွင်းဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ရေပေါ်ဈေးသည် မြဝတီမြို့တောင်ဘက်ရှိ တိုက်ပွဲပြင်းထန်နေသော ဖလူးဒေသနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး နွေရာသီအပူရှောင်ရန် လာရောက်သူများဖြင့် စည်ကားလျက် ရှိသော်လည်း မြန်မာဘက်ခြမ်းတွင်မူ အပန်းဖြေခြင်းထက် လောင်းကစားဝိုင်းများက ပိုမို များပြားနေခြင်းဖြစ်သည်။
” မြန်မာဘက်ခြမ်းမှာ အဲ့လို လောင်းကစားဝိုင်းတွေကို ပေါ်တင်ကြီး ကို ဆော့နေကြတာ။ အဲ့ဒီ ကြိုးဆွဲတဲ့ အန်ကလုံဝိုင်းဆိုရင် ၂၀ လောက်ရှိမယ်ထင်တယ်။ ဟို စလော့ဂိမ်းတို့ ငါးပစ်ဂိမ်းတို့ကြ ၁၀ ခုလောက်ရှိမယ်။ လူအလာများအောင် လုပ်တဲ့သဘောထင်တယ်။ “ ဟု မဲဆောက်ရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ စောဒါးဖိုးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ထိုင်းဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ရေပေါ်ဈေး၌ အပန်းဖြေတဲအိမ်များ၊ စားသောက် ကုန်နှင့် ရေကစားနေရာများသာ ရှိသော်လည်း မြန်မာဘက်ခြမ်းရှိ ရေပေါ်ဈေးမှာမူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)နှင့် စစ်အုပ်စုတပ်တို့အကြား ညှိနှိုင်း ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
မြန်မာဘက်ခြမ်းမှ ဈေးသည်တစ်ဦးက “သူတို့ ညှိနှိုင်းပြီးမှ လုပ်တာပါ။ အရင်က လေးကေ ကော်ဘက်သွားတဲ့လမ်းမှာ ဂိတ်ရှိတယ်။ အဲ့မှာ ပွဲတွေလုပ်သေးတယ်။ အခု ဒီဘက်ကို ပြောင်းဖွင့်လိုက်တာ။ ဒါပေမဲ့ ဟိုဘက်ခြမ်းမှာတော့ ပစ်ခတ်သံတွေ တဒုန်းတဒုန်းနဲ့ ကြားနေရတယ်” ဟု ဆိုသည်။
ရေပေါ်ဈေးဆောက်လုပ်မှုနှင့်ပတ်သက်ပြီး ဒေသတွင်း ထိန်းချုပ်လှုပ်ရှားနေသည့် DKBA အဖွဲ့တာဝန်ရှိသူများအား ကေအိုင်စီက အကြိမ်ကြိမ် ကြိုးစားဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရ ဖြစ်နေသည်။

အဆိုပါ မြန်မာဘက်ခြမ်းတွင် ဆိုင်ခန်းဖွင့်လှစ်သည့် ဈေးသည်များအနေဖြင့် ဆိုင်ခန်းငှားရမ်းခအဖြစ် တစ်ခန်းလျှင် ထိုင်းဘတ်ငွေ (၃,၀၀၀) အထိ ပေးဆောင်ရကြောင်းလည်း ၎င်းဈေးသည်က ဆက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးကပ်သည့်နေရာတွင် ယခုကဲ့သို့ ရေပေါ်ဈေးဖွင့်လှစ်ကာ လောင်းကစားဝိုင်းများ ထည့်သွင်းလုပ်ဆောင်နေခြင်းအပေါ် ဝေဖန်မှုများရှိနေသော်လည်း ယခုသင်္ကြန်အားလပ်ရက်၌ ထိုင်းနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လာရောက်လည်ပတ်မှု စည်ကားလျက်ရှိသည်ဟု သိရသည်။
အင်းကြင်မြိုင်ရေပေါ်ဈေးကို ဧပြီလ ၁ ရက်နေ့မှစတင်ကာ သင်္ကြန်ကာလအလွန် ဧပြီလ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့စစ်ရှောင်စခန်းနှင့်အနီး သောင် ရင်းမြစ်နံဘေးတွင် ဖွင့်လှစ်ထားသည့် ရေပေါ်ဈေးနေရာတွင်လည်း လောင်းကစားဝိုင်းပါ ထည့်သွင်းပြုလုပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
၂၀၂၂ ခုနှစ်ကလည်း မင်းလက်ပံနှင့် မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းအကြား သောင်ရင်းမြစ်ကမ်းဘေး နေရာ (၃) ခု တွင် သင်္ကြန်ရက် လူစည်ကားစေရန်ရည်ရွယ်သည်ဆိုကာ ဒေသအခြေစိုက် လက်နက်ကိုင်အချို့က ရေပေါ်ဈေးများ ဖွင့်လှစ်ခဲ့သေးသည်။



















