ဧပြီလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းနှင့် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကြယ်ပြောင်ကုန်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း တော်လှန်ရေးပူးပေါင်းတပ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့တွင် တပ်မဟာ (၁) နယ်မြေတွင် လာရောက်တပ်စွဲသည့် စစ်အုပ်စု လေးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲမှ လွတ်မြောက်နေသော တပ်သားများအား လိုက်လံရှင်းလင်းမှုတွင် စစ်အုပ်စုတပ်သား (၇) ဦး သေဆုံးပြီး (၂) ဦး အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ အထူးတိုင်းစစ်ဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ MA1 (၃) လက်၊ MA2 စက်လက် (၁) လက်၊ MA3 (၄) လက်၊ MA4 ပူးတွဲ (၁) လက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်၊ ငါးကြင်းမြီးကျည် (၂၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ကျည်ဘောက် (၁၀) ခု၊ စကားပြောစက်တစ်လုံးနှင့် အခြားစစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်းလည်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ (၁၃) ရက်နေ့တွင်လည်း တပ်မဟာ (၇) နယ်မြေ/ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဒေသရှိ စစ်အုပ်စုတပ်ဖွဲ့အခြေချ ပွိုင့် ၉၆၂ ဗျူဟာကုန်း၏ ကာကင်းစခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြားကို KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ပွဲဝင် ကျောင်းသားတပ်မတော်-ABSDF ၏ ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်သည်။
KNLA ပူးပေါင်းတပ်ဘက်မှ ကြယ်ပြောင်ကုန်းစခန်းကို သိမ်းပိုက်သည့် ဧပြီလ (၁၃) ရက်နေ့ ညတွင်ပင် စစ်အုပ်စုက ၎င်းဒေသနှင့် အနီးတဝိုက်ကို ဒရုန်းဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု မဲသဝေါရွာခံနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဧပြီ (၇) ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေ၊ ဆောထိမြို့နယ်ရှိ စစ်အုပ်စု၏ လက်နက်ကြီးစခန်းတစ်ခုကိုလည်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သေးသည်။



















