Home သတင်း စစ်ရေးအရပိုမိုစည်းလုံးဖို့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို SCEF ထည့်သွင်း

စစ်ရေးအရပိုမိုစည်းလုံးဖို့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို SCEF ထည့်သွင်း

255
Photo: SCEF Press Conference

ဧပြီ (၁၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တွင် စစ်ရေးအားဖြင့်ပိုမိုစည်းလုံးသည့်နည်းဗျူဟာချမှတ်နိုင်ရန် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ထည့်သွင်းဖွဲ့စည်းထားကြောင်း SCEF ၏ ယမန်နေ့ ဧပြီ(၁၁)ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲအရ သိရသည်။

တော်လှန်ရေးအရှိန်မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့ ကနဦးပါဝင်သော SCEF ကို မတ်လ(၃၀)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

SCEF၏ ဖွဲ့စည်းပုံတွင် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး‌ ကော်မတီကို ထည့်သွင်းထားပြီး ၎င်းကဏ္ဍအောက်မှ ကောင်စီ၏နိုင်ငံရေးရည်မှန်းချက်ကိုဖြည့်ဆည်းပေးနိုင်မည့် ပေါင်းစပ်မဟာဗျူဟာဖြင့် စစ်ရေးရည်မှန်းချက်ကိုအကောင်အထည်ဖော်မည်ဟု သတင်းရှင်းလင်းပွဲအတွင်း ချပြသွားသည်။

“စစ်ရေးဆောင်ရွက်ရာမှာ ပိုပြီးစည်းလုံးမှုရှိလာဖို့က အဖွဲ့ရဲ့ကဏ္ဍတစ်ခုမှာပါတယ်။ ဒေသကိုအခြေခံပြီးတော့ ဥပမာ ကရင်နဲ့ကရင်နီပေါ့ ရှိထားတဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုမျိုး၊ မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာဆိုရင်ရော ဘယ်လိုဖြစ်နိုင်လဲ စဥ်းစားဆောင်ရွက်မှာဖြစ်တယ်။ စစ်ရေးအရ တာဝန်ခွဲဝေမှုနဲ့ ညီညွှတ်ပြီးပူးပေါင်းမှုရှိတဲ့ နည်းဗျူဟာကိုအားပေးမှာ။ သက်ဆိုင်ရာအဖွဲ့တွေ ဘယ်လိုပါဝင်လာမလဲဆိုတာ ကျနော်တို့ဆွေးနွေးသွားဖို့ရှိတယ်။” ဟု SCEF ၏ အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမှူးက ပြောသည်။

ထို့အပြင် နိုင်ငံရေးဦးဆောင်မှု၊ လမ်းညွှန်မှုနှင့် ပြန်လည်သင့်မြတ်မှု ဆောင်ရွက်ရန် မဟာဗျူဟာနှင့်မူဝါဒရေးရာ ဦးဆောင်အဖွဲ့၊ ကောင်စီလုပ်ငန်းလည်ပတ်ရန်နှင့်စီမံခန့်ခွဲမှုအတွက် အတွင်းရေးမှူးအဖွဲ့၊ အကြံပြုမှုနှင့်နည်းပညာပိုင်းပံ့ပိုးပေးရန် မူဝါဒရေးရာအကြံပေးအဖွဲ့၊ ကဏ္ဍအလိုက်ကော်မတီဖွဲ့ရန် လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းပုံအတွင်း SCEF က ထည့်သွင်းထားသည်။

SCEF သည် ဖက်ဒရယ်တည်ဆောက်ရန် ကိုယ်စားပြုမှုရှိသောအဖွဲ့များအကြား စစ်ရေး၊နိုင်ငံရေးဆိုင်ရာ မူဝါဒချမှတ်ခြင်းအပြင် လက်တွေ့ကျကျဆောင်ရွက်ရန်လည်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရသည်။

ဘုံသဘောထားတူညီသော တော်လှန်ရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကို ကောင်စီက စုစည်းထားခြင်းလည်းဖြစ်ပြီး တော်လှန်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပိုမိုအားကောင်းလာစေမည်ဟု SCEF၏ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်က ပြောသည်။

၎င်းက “ပြဿနာတွေဖြစ်လာခဲ့ရင်တောင် SCEF မှာ တပေါင်းတစည်းတည်းဖြေရှင်းလို့ရမယ်၊ ရှင်းလို့ရတဲ့လုပ်ငန်းလမ်းစဥ်တွေရှိမယ်။ Role Conflict တွေ အငြင်းပွားမှုတွေကို ပိုပြီးထိရောက်စွာဖြေရှင်းနိုင်စေမယ်။ SCEF က မူလ ကိုယ့်ရှိပြီးသားလုပ်ငန်းတွေကို တစ်ဆင့်နိမ့်စေဖို့မဟုတ်ဘူး အတူတကွစုစည်းပြီးတော့ တစ်ဆင့်မြှင့်သွားစေဖို့ဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အတူ ကောင်စီ၏နိုင်ငံခြားရေးကဏ္ဍအောက်တွင် နိုင်ငံတကာအသိအမှတ်ပြုမှုရရေးနှင့် နိုင်ငံတကာဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ကေအဲန်ယူ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA)နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်(CRPH) တို့ ကနဦးပါဝင်သော SCEF ကို ပြည်နယ် ဖက်ရယ်ယူနစ်ကိုယ်စားပြု၊ ပြည်သူကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်(၃)ရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း(၆၀)အတွင်း သက်ဆိုင်ရာအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး၍ အဖွဲ့ဝင်သစ်တိုးချဲ့နိုင်ရေး၊ ပြည်တွင်းပြည်ပထောက်ခံမှုရရေး၊ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းရေး စသည့်တို့အား ရှေ့လုပ်ငန်းစဥ်ထဲတွင်ထည့်သွင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း SCEF ၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။