Home သတင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၃)ဦး လက်နက်နှင့်တကွ KNLA တပ်ရင်း(၈)ထံ ဘက်ပြောင်းခိုလှုံ

စစ်အုပ်စုတပ်ဖွဲ့ဝင်(၃)ဦး လက်နက်နှင့်တကွ KNLA တပ်ရင်း(၈)ထံ ဘက်ပြောင်းခိုလှုံ

305
Photo: KNU

ဧပြီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၈)ထံသို့ ဧပြီလ(၉)ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်(၃)ဦး လက်နက်နှင့်တကွဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။

အသက်(၂၀)မှ (၂၄)နှစ်ကြား အာကာ၊ ကျော်မင်းခန့်၊ ကောင်းခန့်ကို ဆိုသူ တပ်ဖွဲ့ဝင်(၃)ဦးမှာ လက်နက်ခဲယမ်းသယ်ဆောင်၍ တောင်စုကျေးရွာ၊ စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၈၁ မှ ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့ကိုကေအဲန်ယူက လက်ခံဆောင်ရွက်ပေးခဲ့သည်ဟု ဖော်ပြသည်။

“အရင်ကလည်း မုန်းဘက်မှာ ၅ ယောက်တစ်စု ၆ ယောက်တစ်စု အဲ့လိုပဲပြန်လာကြတယ်။ များသောအားဖြင့် လူငယ်လေးတွေ၊ လူကြီးပိုင်းလူလတ်ပိုင်းနည်းတယ်။ စိစစ်တဲ့အခါလည်း တပ်သားသစ်တွေများတယ်။ တချို့ကသထုံ၊ တချို့ကမန္တလေး နေရာအစုံကပဲ” ဟု မုန်းမြို့နယ် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo: KNU

ကေအဲန်ယူသတ်မှတ်နယ်မြေအရ မူးမြို့နယ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်နှင့် ဆောထိ(ရွှေကျင်)မြို့နယ်တို့မှာ ခလယ်လွီထူခရိုင်အတွင်း ပါဝင်သည်။

စစ်အုပ်စုက တရားဝင်စစ်သင်တန်းများခေါ်ပေးခြင်း၊ တရားမဝင်တပ်သားစုဆောင်းခြင်း လုပ်ဆောင်ပြီးနောက်ပိုင်း မြို့နယ်အလိုက် KNLA တပ်ရင်းများထံ လာရောက်ခိုလှုံသူ သိသိသာသာများပြားလာသည်။

ထို့အတူ မူးမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ်အကုန်ပိုင်းမှစပြီး ယခု ၂၀၂၆ ခုနှစ် ဧပြီအထိ စစ်အုပ်စုဘက်မှဘက်ပြောင်းခိုလှုံလာသူ (၂၀)ဦးကျော်ရှိကြောင်းလည်း မြို့နယ် ကေအဲန်ယူ၏စာရင်းအရ သိရသည်။