ဧပြီ (၁၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်အုပ်စု၏လေးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ယနေ့ ဧပြီလ(၁၂)ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း တပ်မဟာ(၁) KNLA တာဝန်ရှိသူထံမှ သိရသည်။
ဧပြီလ ပထမအပတ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် လေးကေစခန်းကို ယနေ့မနက် (၈)နာရီမှ (၉)နာရီဝန်းကျင်ကြားတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကအရာရှိတစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူရှိသလို ၎င်းတို့လက်နက်ခဲယမ်းများကိုလည်း KNLA ဘက်က သိမ်းယူနိုင်ခဲ့သည်ဟု တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက အတည်ပြုပြောသည်။
“လေးကေစခန်းတစ်ခုလုံးကိုတော့ ကျနော်တို့သိမ်းလိုက်ပြီ။ သူတို့ဘက်က သေသွားတာ တစ်ယောက်နှစ်ယောက်ရှိတယ်၊ ဒုတပ်ရင်းမှူးတစ်ယောက်လည်း ဒဏ်ရာရထားတယ်။ လက်နက်တွေရတာလည်း အများကြီးပဲ အဲဒါတော့ ကျနော်တို့နောက်မှဆက်ပြောပါမယ်။” ဟု ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။
စခန်းသိမ်းတိုက်ပွဲပြီးနောက် လက်ရှိသတင်းရေးသားနေချိန်အထိ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု တပ်မဟာ(၁) KNLA ဘက်မှ ကနဦးသိရသည်။ နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုလည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းကို ပြီးခဲ့သည့် ဧပြီ(၇)ရက်နေ့မှ စတင်ကာ KNLA နှင့်ပူးပေါင်းတပ်က အရယူရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၃၀)ထက်မနည်း လုပ်ဆောင်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေတိုင်း အရပ်သားပြည်သူနေထိုင်ရာကျေးရွာများသို့ ဗုံးကျရောက်ခဲ့ပြီး လတ်တလောအချိန်ထိ ဒေသခံ(၁၀,၀၀၀)ကျော်မှာ အသက်ဘေးနှင့်ကင်းလွတ်ရာတွင် စစ်ရှောင်နေရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
ထို့အပြင် ကေအဲန်ယူ-ဒူးသထူခရိုင်ဘက်က ပြောပြချက်အရ တိုက်ပွဲရက်များအတွင်း ဘာသာရေးအဆောက်အဦး၊ နေအိမ်နှင့် အရပ်သားပိုင်လုပ်ငန်းခွင်နေရာများ ဗုံးထိမှန်ပျက်စီးပြီး ထိခိုက်သေဆုံးသူ (၇)ဦးထက်မနည်းလည်း ရှိထားသည်။
စစ်အုပ်စု၏လေးကေစခန်းသည် ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေရှိ ကျေးရွာများဘက်တွင် အကြီးဆုံးစခန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး လူနေရွာများဘက်သို့ မကြာခဏ လက်နက်ကြီးပစ်ခတ်လေ့ရှိကြောင်း ကေအဲန်ယူအပါအဝင် ဒေသခံများပြောပြချက်အရ သိရသည်။



















