Home သတင်း သင်္ကြန်ပွဲအကြောင်းပြ၍ လုပ်ငန်းရှင်နှင့် ပြည်သူများထံမှ ငွေကြေးအဆမတန် ကောက်ခံနေမှုအပေါ် ဒေသခံများ ဝေဖန်

သင်္ကြန်ပွဲအကြောင်းပြ၍ လုပ်ငန်းရှင်နှင့် ပြည်သူများထံမှ ငွေကြေးအဆမတန် ကောက်ခံနေမှုအပေါ် ဒေသခံများ ဝေဖန်

565

ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပရန်အတွက်ဟုဆိုကာ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသခံ လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံမှု ပြုလုပ်နေသည်ဟု မြို့ခံများ ဝေဖန်ပြောဆိုနေကြသည်။

လာမည့် ဧပြီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် အတာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကမ်းနားလမ်းတစ်လျှောက်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် သဲ၊ ကျောက် လုပ်ငန်းရှင်များကို အဓိကထား၍ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။ လုပ်ငန်းအမျိုးအစားအလိုက် သိန်းဂဏန်းအထိ ပေးဆောင်နေရသည်ဟု မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယခုလို ပြောသည်။

“ကမ်းနားတန်းဖက်တွေဆိုရင် တောက်လျှောက်ပေးနေရတာပဲ။ ဆီဆိုင်တွေဆိုရင် သောင်းဂဏန်း၊ သဲကျောက်လုပ်ငန်းရှင်တွေကျတော့ ဆယ်ဂဏန်း (သိန်းချီ) အထိ ထည့်ရတယ်။ သူတို့ခေတ်ဆို တော့လည်း သူတို့လုပ်ချင်သလို လုပ်နေကြတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ရပ်ကွက်အတွင်း နေထိုင်ကြသူများကိုလည်း ရာအိမ်မှူးများမှတစ်ဆင့် တစ်အိမ်လျှင် အနည်းဆုံး ငွေကျပ် ၁၀,၀၀၀(တစ်သိန်း) စီ လိုက်လံကောက်ခံနေသလို ပွဲဖြစ်မြောက်ရေးအတွက် တစ်ရပ်ကွက်လျှင် သိန်းဆယ်ချီ သတ်မှတ်၍ တောင်းခံမှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

မြို့ပေါ် ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ” မဏ္ဍပ်တွေ ဘာတွေတော့ ဆောက်လုပ်နေပြီ။ သင်္ကြန်ကြေးပေါ့နော်။ နှစ်တိုင်း ထည့်ရတယ်။ ရပ်ကွက်အတွက် ယိမ်းအက အလှကားတို့လည်း ထွက်ပေးရတာတို့ ပြောတာပဲ။ အိမ်ခြေများတဲ့ ရပ်ကွက်ဆို ထည့်ရတဲ့ငွေ နည်းတယ်။ အိမ်ခြေနည်းရင် ပိုထည့်ရတယ်။ ” ဟု ပြောသည်။

ယခုလို ငွေကြေးကောက်ခံမှုများသည် နှစ်စဉ်ရှိနေသော်လည်း ယခုနှစ်တွင် ကောက်ခံသည့်ပမာဏ ပိုမိုများပြားလာခြင်းဖြစ်သလို လက်ရှိတွင် ဒေသတွင်း စီးပွားရေး အကြပ်အတည်းကြောင့် အခြေခံစား သောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်ကြားမှ ထိုကဲ့သို့ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုကြောင့် ဒေသခံများအပေါ် ပိုမိုအခက်တွေ့စေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဖားအံမြို့ခံများပြောပြချက်အရ ယခုနှစ် အတာသင်္ကြန်ပွဲတော်အတွက် ဖားအံမြို့ ကမ်းနားလမ်း တစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်၊ ဖားအံ ညဈေးတန်းအနီး သံလွင်မြစ်ကမ်းနံဘေးတွင် နန်းဖော့ အွာသဲသောင်ပြင်သင်္ကြန်နှင့် ချစ်သူလမ်းကြား၊ ကွယ်ကဘောင်ဟိုတယ်အနီးရှိ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရေကစားနိုင်ရန် ပြီးခဲ့သည့် မတ်လကတည်းက ပြည်နယ်စစ်အုပ်စုမှ စီစဥ်နေကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။