Home သတင်း ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တော်လှန်ရေးမဟာမိတ်အင်အားစုများကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း SAC-M တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တော်လှန်ရေးမဟာမိတ်အင်အားစုများကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း SAC-M တိုက်တွန်း

519
Photo: KNU

ဧပြီ (၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF အပါအဝင် တော်လှန်ရေးမဟာမိတ်အင်အားစုများ၏ ဖက်ဒရယ်ပြည်ထောင်စုအရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းသည်။

SAC-M ၏ ယမန်နေ့(ဧပြီ ၁ ရက်)ထုတ်ပြန်ချက်တွင် SCEF နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်း မဟာမိတ်များကို နည်းပညာ၊ စွမ်းဆောင်ရည်နှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးကူညီခြင်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပံ့ပိုးကူညီပေးရမည်ဟု တိုက်တွန်းထားခြင်းဖြစ်သည်။

“နိုင်ငံတကာအနေနဲ့ ပြည်သူတွေရဲ့ စစ်မှန်တဲ့ဆန္ဒတွေ မျှော်မှန်းချက်တွေကို အပြည့်အဝထောက်ခံပေးရမယ်၊ လက်ရှိစစ်အုပ်စုနဲ့ နောင်ပေါ်လာမယ့်စစ်အုပ်စုကို ဝိုင်းပယ်ပေးရမယ်။ ကြားနေနေတဲ့အခြေအနေကနေ ရုန်းထွက်ဖို့လိုတယ်။” ဟု SAC-M ၏ အဖွဲ့ဝင် ရန်ဟီးလီက ထုတ်ပြန်ချက်တွင်ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA)၊ အမျိုးသားညီညွှတ်ရေးအစိုးရNUGနှင့် ပြည်သူ့ကိုယ်စားပြုလွှတ်တော်- CRPH တို့ပါဝင်သော အဖွဲ့က စစ်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်အရေးလက်တွေ့အကောင်အထည်ဖော်ရန် မတ်လ(၃၀)ရက်နေ့က SCEF ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေးတွင်စစ်တပ်ပါနေခြင်းကိုအဆုံးသတ်ပြီး လက်နက်ကိုင်များအားလုံး ဒီမိုကရေစီအစိုးရလက်အောက်ထားရန်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရန်နှင့် တရားမျှတမှုဖော်ဆောင်ရန် စသည့် (၆)ချက်ဖြင့် SCEF မှ ရှေ့လုပ်ငန်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါကောင်စီစုဖွဲ့မှုကို SAC-M က ကြိုဆိုထားပြီး သမိုင်းဝင်မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အရေးပါသောခြေလှမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြီးခဲ့သည့်မတ်လက တရားမဝင် လွှတ်တော်ခေါ်အပြီး နိုင်ငံတော်ဒုတိယသမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ စစ်ယူနီဖောင်းလဲရုံသာဖြစ်၍ ၎င်းဖန်တီးထားသည့်အစိုးရသည်လည်း ဒီမိုကရေစီအစိုးရမဟုတ်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာ၊ အာဆီယံအသိုင်းအဝိုင်းနှင့်ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စုနှင့်၎င်းဖန်တီးထားသော အစိုးရအဖွဲ့များနှင့်ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အပါအဝင် တရားဝင်ကိုယ်စားလှယ်များဖြင့် ဆက်ဆံရေးအားကောင်းအောင်တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် SAC-M က တိုက်တွန်းသွားသည်။

အလားတူ စစ်အုပ်စုက လွှတ်တော်ခေါ်ပြီးအစိုးရသစ်စုဖွဲ့နေမှုနှင့်အချိန်ကိုက် SCEF ဖွဲ့စည်းခြင်းအပေါ် နိုင်ငံတကာထံမှအသိအမှတ်ပြုမှု၊ တရားဝင်မှုရရန်ဖြစ်ကြောင်း ကောင်စီထုတ်ပြန်ချက်ပါပြောရေးဆိုခွင့်ရှိသူက ကေအိုင်စီကို မတ်လ(၃၁)ရက်နေ့က ပြောဆိုခဲ့ဖူးသည်။