Home သတင်း ဖားအံမြို့တွင် စက်သုံးဆီမရ၍ ဆိုင်ကယ်မီးရှို့မှုဖြစ်ပွား

ဖားအံမြို့တွင် စက်သုံးဆီမရ၍ ဆိုင်ကယ်မီးရှို့မှုဖြစ်ပွား

595
Photo: Social Media

ဧပြီ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၃၁) ရက်‌နေ့က စက်သုံးဆီရရန်အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီးမှ ဆီကုန်သွားသဖြင့် မိမိဆိုင်ကယ်မိမိ မီးရှို့ဖျက်ဆီးလိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းအရင်းအမြစ်မှ သိရသည်။

ဖားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုံတွင် စက်သုံးဆီဝယ်ယူရန် မွန်းလွဲပိုင်းအပူချိန်ပြင်းထန်သည့်အချိန် တန်းစီစောင့်ဆိုင်းပြီးမှ ဆီမရ၍နေအိမ်ပြန်လာရသော အသက်(၃၀)ဝန်းကျင်အမျိုးသားမှာ အိမ်ရောက်သည်နှင့်၎င်းစီးနင်းလာ‌သော ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“ဆီဝယ်ဖို့မနက်ဆို (၅)နာရီလောက်ကတည်းက သွားတန်းစီရတယ်လေ။ သူ့အလှည့်ရောက်တော့ ဆီမရှိတော့လို့ စိတ်တိုပြီး သူ့ဆိုင်ကယ်သူမီးရှို့ပစ်လိုက်တာ။ ဆိုင်ကယ်မီးရှို့တာမြင်တော့ ရပ်ကွက်ထဲကလူတွေဝိုင်းတားတယ် မရဘူး။ ” ဟု မျက်မြင်တွေ့ရှိခဲ့သူ မြို့ခံအမျိုးသမီးက ပြောသည်။

ဖားအံမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ စက်သုံးဆီပြတ်လပ်မှုနောက်ဆက်တွဲ အကြပ်အတည်းများဖြစ်နေပြီး ဆီဈေးတက်ခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လျက်ရှိသည်။

Photo: Social Media

ထိုအခြေအနေတွင် ပြည်နယ်စစ်အုပ်စုကလည်း လိုင်စင်မဲ့ယာဥ်များဆီဝယ်ယူခွင့်ကိုပိတ်ပင်ထားပြီး စုံ၊မ စည်းကမ်းချက်ထုတ်ထားသည်။

ထို့ကြောင့် မှောင်ခိုဆီဈေးကွက် ကြီးထွားနေပြီး အခြေခံလူတန်းစားများ သွားလာရေးမှစီးပွားရေးအထိ အခက်အခဲရင်ဆိုင်နေရသည်။

နောက်ထပ်ဖားအံမြို့ခံ အမျိုးသမီးက “ကျမတို့ဖားအံမှာ ဆီတန်းစီရတာ အရင်လိုမဟုတ်တော့ဘူးလေ။ စုံ၊မ တစ်ရက်စီ ပြီးတော့ လိုင်စင်ပါမှဆီဆိုင်တွေကပေးတာ။ ဝန်ထမ်းတွေဆိုလည်း ရုံးထောက်ခံစာပါမှဆီဝယ်လို့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။

မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ တရိပ်ရိပ်တက်လျက်ရှိသည်။ ထို့ကြောင့် စက်သုံးဆီဆိုင်များတွင် အလှည့်ကျတန်းစီဝယ်ယူနေရသော်လည်း လိုသလောက်ဆီမရဖြစ်နေသလို ယာဥ်ကြောပိတ်ဆို့မှုများလည်း ရှိကြောင်း ဖားအံမြို့ခံများထံမှသိရသည်။