ဧပြီ (၁) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေနှင့်ပဋိပက္ခကြောင့် အစစ်အဆေးတင်းကြပ်ပြီးလုံခြုံမှုမရှိသည့်အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက်နေအိမ်ပြန်မည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မှုမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်အာဏာမသိမ်းခင် နိုင်ငံအခြေအနေကောင်းမွန်ချိန်က ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားအများစုမှာ မတ်လအကုန်မှစတင်ကာ ခွင့်ယူ၍နေရပ်ပြန်သူ အများအပြားရှိခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်တာဆွဲခံရခြင်း လမ်းတွင်စစ်ဆေးရေးတင်းကြပ်ခြင်းနှင့် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ယခုသင်္ကြန်ကာလတွင်လည်း နေရပ်ပြန်ရန်ခက်ခဲနေဆဲဖြစ်သည်ဟု ထိုင်းရောက်မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီနှစ်လည်း မပြန်လည်ဖြစ်ပြန်ဘူး။ တိုက်ပွဲတွေဖြစ် ပြီးရင် လမ်းမှာစစ်ဆေးမှုအရမ်းများတယ်လို့ပြောတယ်။ ပြန်ရမှာစိတ်ထဲမလုံခြုံဘူး ကြောက်နေတယ်” ဟု ထိုင်းရောက်ရွေ့ပြောင်းလူငယ် မမိုးမိုးအေးက ကေအိုင်စီသို့ပြောသည်။
ရွေ့ပြောင်းအလုပ်သမားအများစုမှာ စစ်မှုထမ်းနိုင်သည့်အသက်အရွယ်တွင် အကျုံးဝင်နေသောကြောင့် စစ်အုပ်စုက စစ်မှုထမ်းဥပဒေ မရုတ်သိမ်းမချင်း လွတ်လပ်စွာနေရပ်ပြန်ရေး အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်းလည်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့က ဆိုသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ပြောခွင့်ရ ဦးမိုးကျော်က “အခု တော်တော်များများပြန်တာက ဒီနယ်စပ်မနီးမဝေးမှာရှိတဲ့လူတွေလောက်ပဲ ပြန်ကြတာများတယ်။ တကယ့် ဟိုးအတွင်းထဲနေတဲ့လူတွေအနေနဲ့ ပြန်ဖို့တော်တော်အဆင်မပြေကြသေးဘူး။ အဓိကတော့အာမခံချက်မရှိဘူး လုံခြုံမှုမရှိဘူးလို့ပြောလို့ရတယ်” ဟု ကေအိုင်စီသို့ပြောသည်။
နေရပ်ပြန်အချို့သည် ထိုင်းနိုင်ငံထဲသို့ပြန်ဝင်လာပါက လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပေးသည့် UID ကဒ် ပါရမည်။ သို့မှသာ တံတားပေါ်တွင် တုံးထုပြီးမှတရားဝင်ပြန်ဝင်လာ၍ရမည်ဖြစ်သောကြောင့် နေရပ်ပြန်သူများအတွက်အခက်တွေ့စေသလို ပွဲစားမှတစ်ဆင့်သွားနေရ၍ စရိတ်ပိုမိုကြီးမားနေကြောင်းလည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအသိုင်းအဝိုင်းက ဆိုသည်။
ထို့အတူ လာမည့် ဧပြီလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့သည် သင်္ကြန်ကာလဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်ဖြစ်သည်။ ထိုရုံးပိတ်ရက်တွင် အချိန်ပိုဆင်းပါက တစ်ရက်(၂)နာရီထက်မပိုစေရသည့် သဘောတူညီချက်ကို အလုပ်ရှင်နှင့် အလုပ်သမားများက ပြုလုပ်ရမည်ဟုလည်း အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနမှ ထုတ်ပြန်ထားခြင်းရှိသည်။



















