မတ်လ (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဝေါလေဒေသတွင် ယနေ့မနက်ပိုင်းမှစတင်ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့၏ စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝေါလေဒေသခံများကပြောသည်။
ယနေ့မနက်(၆)နာရီဝန်းကျင်တွင် စခန်းသိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒရုန်းဖြင့် ဖိအားပေးတိုက်ခိုက်ခြင်းအပေါ် လက်နက်ကြီးကုန်းမှတဆင့် စစ်အုပ်စုက ၁၂၀ မမဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးများ ဝေါလေကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားများ ထိခိုက်သွားသည်ဟု ဝေါလေဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်က(ကရင်ဘက်က) တက်လာတဲ့ဒရုန်းလမ်းကြောင်းကို ချိန်ပြီးပစ်တာလို့ ယူဆရတယ်။ အဲ့ဒီလိုပစ်တော့ ရွာထဲကို ကျော်ကျသွားတာ။ (၄)ယောက်လောက်တော့ ထိသွားတယ် ကြားတယ်။ သူတို့ကို ထိုင်းဘက်ကို ပို့လိုက်ပြီ” ဟု တိုက်ပွဲအနီးရှိနေသည့် အဆိုပါဝေါလေဒေသခံက ပြောသည်။
လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဘက်က စစ်အုပ်စု၏ကာကင်းစခန်းအချို့ကို ဝင်ရောက်စီးနင်းထားနိုင်ပြီဖြစ်ကြောင်း သိရသလို စစ်အုပ်စုဘက်ကလည်း ဗျူဟာကုန်းမကျရေး လက်နက်ကြီးအပြင် လေကြောင်းဖြင့် ယနေ့မနက်ပိုင်းတွင် ပစ်ကူပေးခဲ့ခြင်းရှိသည်။
နောက်ထပ် ဝေါလေဒေသခံတစ်ဦးက “မနက်က ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်လောက် လာပစ်တယ်။ ပြီးတော့ Y 12 နဲ့လာကြဲချတာပေါ့။ ဒီဘက် တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ဒရုန်းနဲ့ သွားသွားချနေတာရှိတယ်။ ကာကင်းစခန်းတချို့ ကျသွားပြီလို့ကြားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဝေါလေကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအပြီး မြန်မာဘက်ခြမ်းရှိ ဝေါလေဒေသခံ (၃၀၀)နီးပါး ထိုင်းဘက်ခြမ်းနှင့် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ယာယီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အလားတူ ဝေါ်လေဗျူဟာကို မြေပြင်စစ်ကူပေးရန် စစ်အုပ်စုဘက်က ကြိုးပမ်းနေပြီး ဖလူးဒေသတွင်လည်း ၎င်းတို့ကို ဟန့်တား တိုက်ခိုက်နေသည့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
ဖလူးတိုက်ပွဲတွင် စစ်အုပ်စုဘက်က စွယ်တော်ကုန်းမှတဆင့် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးရာမှ လက်နက်ကြီးကျည်များ ထိုင်းဘက်ခြမ်းသို့ကျရောက်ပေါက်ကွဲကာ ထိုင်းဒေသခံအချို့ ထိခိုက်မှု ရှိခဲ့သည်ဟုလည်း သိရသည်။
ထိုင်းအရပ်သားများ ထိခိုက်မှုရှိလာသောကြောင့် ထိုင်းစစ်တပ်က ထိုင်းနိုင်ငံဘက်ခြမ်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပြန်လည် သတိပေးပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းအရင်းအမြစ်များတွင် ဖော်ပြသည်။
နောက်ဆုံးရရှိထားသည့်သတင်းအရ စစ်အုပ်စုဘက်က ယနေ့ညနေပိုင်းတွင် လေယာဉ်ဖြင့် ရိက္ခာပစ္စည်းများ (၁၀) ကြိမ်ထက်မနည်း လာရောက်ပစ်ချပေးကာ ဂျက်တိုက်လေယာဉ်ဖြင့်ထပ်မံပစ်ခတ်ခဲ့သေးကြောင်းလည်း သိရသည်။



















