ဧပြီ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ၊ မော်ဖာထောကျေးရွာတွင် မတ်လ (၃၁)ရက်နေ့က စစ်အုပ်စုမှ မောင်းသူမဲ့လေယာဉ်ဖြင့်ဗုံးကြဲ၍ အမျိုးသမီး(၂)ဦးသေဆုံးပြီး အသက်(၅)နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြည်သူလူထုနေထိုင်သည့် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအဝေးထိန်း မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲသွားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ဗိုလ်မှူးကြီး စောအေဝမ်းက “ဟုတ်တယ်လေယာဉ်နဲ့လာပစ်တာ။ မနက်ပိုင်းအချိန်မှာဖြစ်တယ်။ လာပစ်တာက ပြည်သူလူထုနေတဲ့ရွာတည့်တည့်မှာပဲ။ ပစ်တဲ့နေရာက စျေးဆိုင် ကွမ်းယာရောင်းတဲ့ဆိုင်ဖြစ်တယ်“ ဟု ကေအိုင်စီသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူများမှာ မောဖာထောရွာတွင်နေထိုင်သည့် မဇာခြည်(ခ)နော်ကော်လာမု၊ နော်လားလယ့်ဖောတို့ဖြစ်ပြီး နော်လားလယ့်ဖော၏ (၅)နှစ်အရွယ်ကလေးငယ်မှာ လက်တစ်ဖက်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ကလည်း စစ်အုပ်စုက မက္ကသာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့သလို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင်လည်း မက္ကသာအနီး ခဲသတ္တုမိုင်းနေရာနှင့် အနီးဝန်းကျင်သို့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သေးသည်။



















