Home သတင်း ရွေးကောက်ပွဲအသုံးချ အစိုးရတစ်ရပ်ဖန်တီးခြင်းက ဒီမိုကရေစီကိုစော်ကားသည့်လုပ်ရပ်ဟု BNI ပြော

ရွေးကောက်ပွဲအသုံးချ အစိုးရတစ်ရပ်ဖန်တီးခြင်းက ဒီမိုကရေစီကိုစော်ကားသည့်လုပ်ရပ်ဟု BNI ပြော

445
Photo: MRTV

ဧပြီ (၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီ၏စံနှုန်း ရွေးကောက်ပွဲကိုအသုံးချပြီး အစိုးရတစ်ရပ်ဖြစ်လာရေးဖန်တီးမှုသည် ဒီမိုကရေစီကိုစော်ကားသော လုပ်ရပ်ဖြစ်သည်ဟု တိုင်းရင်းသားမီဒီယာ(၁၅)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာမြန်မာသတင်း-BNI က ယနေ့(ဧပြီ ၆ ရက်နေ့)ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။

“ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ”အမည်ရှိ မြန်မာနိုင်ငံ၊ တိုင်းရင်းသားဒေသများမှ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာမိတ်ဆက်အခမ်းအနားတွင် စစ်အုပ်စုအစိုးရဖွဲ့ရေး အတုအယောင်ရွေးကောက်ပွဲ ဖန်တီးမှု အချက်အလက်များကို BNI က အွန်လိုင်းမှတဆင့် ချပြရှင်းလင်းသွားခြင်းဖြစ်သည်။

“မဲရွေးစနစ်၊ လူထုကိုအကြပ်ကိုင်တာ၊ ပြည်သူ(၁၃)သန်းက မဲပေးခွင့်မရှိတာတွေကိုကြည့်ရင် ဒီရွေးကောက်ပွဲက အတုအယောင်ပဲ။ ပြည်သူလက်ခံတဲ့အစိုးရမဟုတ်ဘူး။ မင်းအောင်လှိုင်က သမ္မတဖြစ်ချင်လို့သာ ရွေးကောက်ပွဲကဖြစ်စဥ်တစ်ခုအနေနဲ့ပါဝင်လာတာ။ ဒီမိုကရေစီစံနှုန်း၊ လူထုကိုယ်စားပြုမှုဖြစ်တဲ့ ရွေးကောက်ပွဲကိုအသုံးချပြီး အစိုးရတစ်ရပ်ဖြစ်အောင်ဖန်တီးတာ ဒီမိုကရေစီကိုစော်ကားတာပဲ။” ဟု BNI ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောသည်။

စစ်အုပ်စုသည် အတိုက်အခံများဖြင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပသွားသည်။

သို့ရာတွင် မြို့နယ်ရပ်ကွက်ပေါင်း (၂၁၆) ခုနှင့် ကျေးရွာအုပ်စု (၃,၀၀၀)ကျော်မှ မဲပေးပိုင်ခွင့်ရှိသည့်အရပ်သားပြည်သူ (၁၃) သန်းကျော်မှာ မဲပေးဖို့အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း BNI၏ အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။

Photo: MRTV

ထို့အတူ ၂၀၂၄ ခုနှစ်မှ ရွေးကောက်ပွဲကျင်းပနေသည့်ကာလအတွင်း တစ်နိုင်ငံလုံးလူထုဆန္ဒထုတ်ဖော်မှု (၁၂၉)ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်အုပ်စုရွေးကောက်ပွဲကို လူထုထောက်ခံမှုမရှိသည့်အချက်ဖြစ်သည်ဟုလည်း BNI က ဆိုသည်။

ပြည်ထောင်စုအဆင့်တွင် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် အမျိုးသားလွှတ်တော်တွင် ဒုဥက္ကဌတာဝန်နေရာများကို စစ်အုပ်စုကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် စစ်အသိုင်းအဝိုင်းမှခေါင်းဆောင်များက နေရာရယူထားကြသည်။ ထို့ကြောင့် နိုင်ငံ၏ ဥပဒေပြုရေးမဏ္ဍိုင်ကို စစ်အုပ်စုကသာ ချုပ်ကိုင်ထားရောက်ကြောင်း BNI က မိတ်ဆက်ပွဲတွင် ရှင်းလင်းပြောဆိုသွားသည်။

တဖက်တွင်လည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေသော အရပ်ဖက်အဖွဲ့များက စစ်ခေါင်းဆောင်မင်းအောင်လှိုင် သမ္မတဖြစ်လာသည့်အပေါ် ၎င်းဦးဆောင်သောစစ်အုပ်စု ကျူးလွန်ထားသည့်စစ်ရာဇဝတ်မှုများကို နိုင်ငံတကာကအရေးယူမှုပေးရန် ထောက်ပြနေကြခြင်းရှိနေသည်။

တိုင်းရင်းသားအခြေစိုက်၊ နယ်မြေအခြေစိုက် သတင်းဌာန ၁၅ ခုဖြင့် စုပေါင်းဖွဲ့ စည်းထားသော BNI သည် သတင်းမီဒီယာလုပ်ငန်းအပြင် မြန်မာ့ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြစ်စဥ်များအပေါ်လေ့လာစောင့်ကြည့်မှုများ ပြုလုပ်၍ အစီရင်ခံလျက်ရှိသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။