Home သတင်း ဘီးလင်းက ကျိုက်ထီးရိုးလေးစေတီဝန်းကျင်ကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ အရပ်သား(၅)ဦးဒဏ်ရာရ

ဘီးလင်းက ကျိုက်ထီးရိုးလေးစေတီဝန်းကျင်ကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်၊ အရပ်သား(၅)ဦးဒဏ်ရာရ

463
Photo: CJ

ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးလေးစေတီဝန်းကျင်ကို ယမန်နေ့(ဧပြီ ၄ရက်နေ့)က စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သထုံခရိုင် ကေအဲန်ယူထံမှ သိရသည်။

တပ်မဟာ(၁)နယ်မြေရှိ ကျိုက်ထီးရိုးလေးစေတီမုခ်ဝကို ယမန်နေ့ ညနေ(၄)နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာဖြင့် လေးကြိမ်၊ အော်လီဂန်းဖြင့် တစ်ကြိမ် တိုက်ပွဲမရှိဘဲ စစ်အုပ်စုကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် စေတီမုခ်ဝဇရပ်အတွင်း နားခိုနေသူ ခရီးသွားပြည်သူ(၅)ဦး ဒဏ်ရာရရှိသွားပြီး ရဟန်းတော်ရုပ်ထုများနှင့် မော်တော်ယာဥ်(၃)စီးလည်း ပျက်စီးမှုရှိခဲ့သည်ဟု သထုံခရိုင် ကေအဲန်ယူ စာရင်းအရသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ အသေးစိတ်အချက်အလက်များကိုမူ ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့်ဆက်လက် စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ(၁)ရက်နှင့်(၂)ရက်နေ့ကလည်း မြစ်ကျိုးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်အုပ်စုက လေကြောင်းဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်မှုရှိခဲ့သည်။

ထို့အပြင် အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ(၁၂)လုံးထက်မနည်း ပျက်စီးမှုရှိခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

မြစ်ကျိုးကျေးရွာအုပ်စုအတွင်းရှိ လေးကေရွာ၊ တာပေါရွာနှင့် အနီးအနားရွာမှဒေသခံများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွ့န်ခွာတိမ်းရှောင်ခဲ့ရပြီး ကေအဲန်ယူ ခရိုင်တာဝန်ရှိသူများက လတ်တလောလိုအပ်သည့်အကူအညီပေးထားရကြောင်း ကေအဲန်ယူ-ဗဟို၏ ယနေ့ထုတ်ပြန်ချက်က ဖော်ပြသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း သထုံခရိုင်၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အတွင်း စစ်အုပ်စုကစစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ပြီး ဒေသနေပြည်သူများကိုဦးတည်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဒေသခံများကပြောဆိုထားသည်။