ဧပြီ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် ကလေး(၁)ဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် လက်နက်ကိုင်မဟုတ်သူအရပ်သား(၁၁) ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က ယနေ့ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။
လေကြောင်းနှင့်ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် သေဆုံးသူ(၁၁)ဦးရှိပြီး အမျိုးသား (၁) ဦး၊ အမျိုးသမီး (၃) ဦး နှင့် ကျား၊မ အတည်ပြုမရသေးသူ စုစုပေါင်း (၁၉) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် နေအိမ်(၄၅)လုံးနှင့် ဘာသာရေးအဆောက်အဦး(၂)လုံး ပျက်စီးသွားပြီး ဒေသခံပိုင်ပစ္စည်းဥစ္စာနှင့် အိမ်မွေးတိရစ္ဆာန်များပါ အထိအခိုက်ရှိခဲ့ကြောင်း KnHRG က ဖော်ပြသည်။
စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ဘောလခဲနှင့် ဟိုပုံးမြို့တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် အရပ်သား ဖမ်းဆီးချုပ်နှောင်မှုများကိုလည်း စစ်အုပ်စုက ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာအနေဖြင့် စစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူရန်လိုအပ်သလို စစ်အုပ်စုထံလက်နက်ရောင်းချနေခြင်းကို တားမြစ်၍ လေယာဉ် ဆီရောင်းချမှုနှင့် အထောက်အပံ့လမ်းကြောင်းများကိုလည်း အရေးယူသင့်သည်ဟု KnHRG က တောင်းဆိုထားသည်။
ထို့အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ တဖြည်းဖြည်းမြင့်တက်လာသည့် ကရင်နီပြည်နယ်တွင် တိုင်ကြား၊ဖြေရှင်းရေး ယန္တရားလိုအပ်လျက်ရှိကြောင်းလည်း KnHRG က တဆက်တည်းထောက်ပြသွားသည်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ-KSCC ၏ ဦးဆောင်မှုဖြင့် ကရင်နီပြည်နယ်တွင် ၂၀၂၃ ခုနှစ်က ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ကိုဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်လျက်ရှိသည်။ ကရင်နီတပ်မတော်-KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) စသည့်တော်လှန်ရေးတပ်ဖွဲ့များကလည်း ကရင်နီစစ်ဦးစီးကော်မတီ-JCS ၏ ညွှန်ကြားစီမံမှုအောက်တွင် စစ်ရေးနှင့်တော်လှန်ရေး လုပ်ဆောင်နေခြင်းရှိသည်။



















