Home သတင်း မြဝတီမြို့က ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခံရမည့်သတင်းကြောင့် ရပ်ကွက်နေထိုင်သူတွေ စိုးရိမ်

မြဝတီမြို့က ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခံရမည့်သတင်းကြောင့် ရပ်ကွက်နေထိုင်သူတွေ စိုးရိမ်

474
Photo: CJ

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိကျူးကျော်ရပ်ကွက်များကို မြို့ပြစီမံကိန်းအကြောင်းပြ၍ စစ်အုပ်စုဌာနဆိုင်ရာ က ဖျက်သိမ်းတော့မည့်သတင်းများထွက်ပေါ်နေ၍ နေရာရွှေ့ပြောင်းရမည့်အရေး စိုးရိမ်ပူပန်နေရကြောင်း ရပ်ကွက်အတွင်းလက်ရှိနေထိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်က မြဝတီမြို့နယ်စစ်အုပ်စုဦးဆောင်ကာ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အစည်းအဝေးလုပ်ဆောင်သွားသည်။

ထိုနောက်ပိုင်း ဌာနဆိုင်ရာစီမံကိန်းအသစ်ဖော်ဆောင်မည်ဖြစ်၍ ကျူးကျော်ရပ်ကွက်များ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ယခုဧပြီလအတွင်း သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

“ကျူးကျော်ဆိုပြီးဖျက်ရတော့မယ်သတင်းတွေ ထွက်လာတယ်။ တစ်ခြားမြို့တွေမှာလည်း အဲ့ဒီလိုဖျက်တာမျိုးတွေ့နေရတော့ နေရတာမလုံခြုံတော့ဘူး။ စားဝတ်နေရေးခက်ခဲတာနဲ့ အိမ်ပါဖျက်ရမယ် ပြောင်းရမယ်ဆိုရင် နေစရာမရှိတော့ဘူး” ဟု ကျွန်းတောရပ်ကွက်တွင် (၉)နှစ်ဝန်းကျင်နေလာသူအမျိုးသမီးက ပြောသည်။

မြဝတီမြို့တွင် ကြံခင်းကျွန်းတော၊ ရွှေမြဝတီဈေး၊ မြေနီကုန်း၊ သရက်ပင်ဂိတ်၊ သဲပုံဂိတ်၊ အောင်မြင်ရွှေဘုံ၊ ခွန်ဆာဝင်း၊ ကျောက်လုံးကြီး၊ ရွှေမြစန္ဒီကွက်သစ်၊ တောင်ကလေးကုန်းအပါအဝင် သဃ်န်းညီနောင်၊ ကုန်သွယ်ရေးဇုန်၊ မဲကနယ်၊ ရွာသစ်ကုန်းဘက်အထိ ကျူးကျော်နေရာများရှိပြီး အိမ်ခြေစုစုပေါင်း ထောင်နှင့်ချီရှိသည်။

မြဝတီမြို့ခံများပြောပြချက်အရ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကရင်လက်နက်ကိုင်အဖွဲ့များ၊ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာလုပ်ပိုင်ခွင့်ရသူများနှင့် မြေပွဲစားများက သစ်တောမြေ၊ စီမံကိန်းမြေနှင့် မြေလွတ်၊ မြေရိုင်းများအပေါ် အကွက်ရိုက်ရောင်းချရာမှ ကျူးကျော်ရပ်ကွက်များဖြစ်ပေါ်လာကြောင်း သိရသည်။

“မြဝတီမှာမြေလွတ်မှန်သမျှ လက်နက်ကိုင်ရယ်၊ ပွဲစားရယ်၊ ဌာနဆိုင်ရာရယ် အကုန်ပေါင်းပြီး အကွက်ရိုက်ရောင်းနေကြတာ၊ စစ်တပ်ကဖျက်မယ်ဆိုရင်တော့ဖျက်ရမှာပဲ။ မြို့ထဲမြို့ပြင်ဆိုကျူးကျော် (၁၀)နေရာလောက်ရှိတယ်။ ရှင်းဖို့ဆိုတာတော့ မလွယ်ဘူး”ဟု အိမ်ခြေမြေလုပ်ငန်းရှင် မြဝတီမြို့ခံက ပြောသည်။

စစ်အုပ်စုဌာနဆိုင်ရာဘက်ကလည်း ယမန်နေ့ ဧပြီ(၇)ရက်နေ့အထိ ကျူးကျော်ရပ်ကွက်များဖယ်ရှားရန် သတိပေးစာပို့ခြင်းမရှိသေးသလို မြို့နယ်အုပ်ချုပ်ရေးရုံးများမှ အသိပေးကြေညာခြင်းမရှိသေးပေ။

ထို့အပြင် အဆိုပါကျူးကျော်နေရာများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်ခြံဝင်းများ၊ အထပ်မြင့်အဆောက်အဦးများ၊ ကုန်စည်သိုလှောင်ရုံများ၊ စက်ရုံအလုပ်ရုံများ၊ လူနေတိုက်ခန်းအဆောက်အအုံများ ရှိနေသည်။

ယင်းလုပ်ငန်းများ၌ စစ်အုပ်စုအကျိုးစီးပွားနှင့်ဆက်နွယ်နေပြီး ကရင်လက်နက်ကိုင်အဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်မှုရှိသည့်အတွက် ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းတော့မည့်သတင်းမှာ ကောလဟာလ သပ်သပ်သာဖြစ်ကြောင်း ထင်မြင်ယူဆနေခြင်းလည်း ရှိသည်။