Home သတင်း စစ်အုပ်စု ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို ဝန်ကြီးတစ်နေရာပေး

စစ်အုပ်စု ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို ဝန်ကြီးတစ်နေရာပေး

575
Photo: Social Media

ဧပြီလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပသည့် ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ရာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးတစ်နေရာပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု ပြည်နယ်လွှတ်တော်တွင် ခန့်အပ်သည့်ဝန်ကြီးဌာန ဝန်ကြီး (၁၀) ဦးအထဲမှ ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီမှ စောခေါင်ပန်ထော့ကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

စောခေါင်ပန်ထော့သည် ဖလုံ-စဝေါ်ပါတီကိုယ်စားပြုဖြင့် ကရင်ပြည်နယ်လွှတ်တော် ကရင်ပြည်နယ် မဲဆန္ဒနယ် အချိုး ကျကိုယ်စားပြု PR မဲစနစ်ဖြင့် ဝင်ရောက်ရွေးကောက်ခံသည့် ကိုယ်စားလှယ်ဖြစ်ပြီး ယခင်စစ်အုပ်စုအစိုးရအဖွဲ့နှင့် ရင်းနှီးသူဖြစ်သည်။

ယနေ့ ခန့်အပ်လိုက်သည့် ဝန်ကြီး (၁၀) ဦးမှာ ယမန်နေ့က ကရင်ပြည်နယ်လွှတ်တော်တွင် ထပ်မံခန့်အပ်ခံရသည့် စစ်အုပ်စု၏ ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက အစိုးရအဖွဲ့သစ်တွင် ပါဝင်ရန် အမည်စာရင်း တင်သွင်း ခဲ့သူများဖြစ်သည်။

Photo: Social Media

အဆိုပါ ဝန်ကြီးများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဦးညီညီဇော်၊ လူမှုရေးရာဝန်ကြီးဌာနတွင် ဦးစော ထွန်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဦးစောမျိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ဦးအောင်လွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် စယဉ်ဌေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနတွင် စောခေါင်းပန်ထော့တို့ ဖြစ်ကြသည်။

၎င်းအပြင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးတင်မောင်လှိုင်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးမျိုးမြင့်နိုင်နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးခွန်မြတ်ထူးတို့ကိုလည်း အသီးသီးခန့်အပ်ခဲ့သည်။

ထို့အတူ ပြည်နယ်ဥပဒေချုပ် နော်သန်းသန်းငြိမ်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်စိုး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ဒေါ်ခင်စိမ်းဝင်း၊ ဒေါ်နွဲ့နွဲ့ဦးတို့ကို ခန့်အပ်ခဲ့သည်ဟု သိရသည်။