ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ မိဂလုံကျေးရွာတွင် ယမန်နေ့(ဧပြီလ ၇ ရက်)က စစ်အုပ်စုပစ်ခတ်လိုက်သောလက်နက်ကြီးတစ်လုံး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ယမန်နေ့ညနေပိုင်းတွင် ကျုံဒိုးအခြေစိုက် စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၆နှင့်(၇)တိုင်ရွာဘက်မှစစ်အုပ်စုက မိဂလုံကျေးရွာသို့ လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရွာအတွင်းဘုန်းကြီးကျောင်းနှင့်လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးစထိမှန်သည့် ကလေးငယ်နှင့်ဒေသခံ(၂)ဦးကို ဆေးရုံသို့ပို့ဆောင်ကုသမှု ပေးခဲ့ရသည်ဟု မိဂလုံရွာတွင်ရောက်ရှိနေသူက ပြောသည်။
“၁၂၀ ဟောင်ဝှစ်ဇာနဲ့ပစ်တာ၊ မိဂလုံအပေါ်ဘက်က ဘုန်းကြီးကျောင်းဘေးကို တစ်လုံးကျတယ်။ တစ်လုံးကဟောင်သရောမြစ်ထဲကျတယ်၊ နောက်တစ်လုံးက အမှတ်(၁)ရပ်ကွက်အပိုင်းထဲက အိမ်ပေါ်ကျတာ လူကြီးနှစ်ယောက်နဲ့ကလေးတစ်ယောက် အစထိတယ်၊ ဆေးကုဖို့ တော့သယ်သွားပြီ” ဟု အမည်မဖော်လိုသူ အဆိုပါအမျိုးသားက ပြောသည်။
ယခု ဧပြီလ ပထမအပတ်အတွင်း ကျုံဒိုးအခြေစိုက်စစ်အုပ်စုတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းများသည် ကျွန်းကလေး၊ နွားခြံကုန်း၊ မိဂလုံ လမ်းပိုင်းမှတစ်ဆင့် ဟောင်သရောမြစ်တစ်ဘက်ကမ်းသို့ နယ်မြေရှင်းလင်းရန် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါစစ်ကြောင်းများက ကော့ကရိတ်အာရှလမ်းပိုင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်မဟာမိတ်တပ်ဖွဲ့ များ နယ်မြေထိန်းချုပ်မှုမလုပ်နိုင်ရေး ၉တိုင်၊ ၇တိုင်၊ ၅တိုင်၊ တံတားကျိုး၊ နွားခြံကုန်းကျေးရွာလမ်းပိုင်းတစ်လျှောက် အင်အားဖြန့်ကျက်၍လုံခြုံရေးယူထားကြကြောင်းလည်း သိရသည်။
မြဝတီမှပြည်တွင်းသို့ ခရီးသည်တင်မော်တော်ယာဥ်မောင်းတစ်ဦးက “ကျွန်းကလေးကနေ ကော့ကရိတ်အထိ လမ်းဘေးခြံတွေ၊ အိမ်တွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စစ်သားတွေ လမ်းကင်းချထားတယ်။ လမ်းမဘေးမှာ တစ်ယောက်နှစ်ယောက်၊ ကျန်တာအိမ်တွေ ခြံတွေထဲမှာနေနေတာ” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းနေရာတွင်လည်း စစ်အုပ်စုက နေ့စဉ်ဒရုန်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု နေ့စဥ်နီးပါးရှိနေသည်။
ထို့အပြင် ကော့ကရိတ်မြို့တောင်ဘက်ကျေးရွာများ ရက်ခြားဆိုသလို လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း ကော့ကရိတ်အခြေစိုက်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။



















