Home တွေ့ဆုံမေးမြန်းခန်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP မှ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP မှ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

654

“ဖက်ဒရယ်တည်ဆောက်မှာဖြစ်တဲ့အတွက် ဖက်ဒရယ် ယူနစ်ကိုယ်စားပြုမှုကတော့ ပိုပြီးအရေးကြီးတယ်။ အဲ့ဒီလိုကိုယ်စားပြုမှုရှိတဲ့အစုအဖွဲ့တွေကတော့ အားလုံးပါဝင်ဖို့ရှိပါလိမ့်မယ်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP မှ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

ဧပြီ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်-CRPH တို့ ပါဝင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကို ဖွဲ့စည်းကြောင်း မတ်လ (၃၀) ရက်နေ့ညက ကြေညာသည်။

ကောင်စီ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိလုပ်ဆောင်နေသည့် တာဝန်များနှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန်ရှိသည်များကိုသိရှိနိုင်ရန် SCEF တွင် တစ်ဖွဲ့အပါအဝင်ဖြစ်သော KNPP မှ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်အား ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှာ တိုင်းရင်း သားလက်နက်ကိုင်လေးဖွဲ့နဲ့ NUG၊ CRPH တို့ လောလောဆယ် ပါဝင်တာတွေ့ရတယ်။ အခြား ဘယ်တိုင်းရင်းသားအဖွဲ့တွေ ပါလာဖို့ရှိမလဲ။ ပါလာဖို့ရော ဘယ်လိုလုပ်သွားမလဲ။
ဖြေ။ လောလောဆယ် ကျနော်တို့က ကနဦးစုဖွဲ့တာပဲဖြစ်တယ်။ ဒီအတွက် ကျနော်တို့က စစ်ရေးနဲ့ နိုင်ငံရေးဆိုပြီး ပြိုင်တူအကောင်အထည်ဖော်သွားဖို့ရှိတယ်။ စစ်ရေးကို အကောင်အထည်ဖော်ဖို့အတွက် ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ပါဝင်သွားဖို့ရှိတယ်။ တစ်ဖက်က နိုင်ငံရေး၊ ဖက်ဒရယ်ရေးမှာတော့ Bottom-up Federalism ပေါ့နော်၊ သူ့အနေနဲ့သွားမယ်၊ ဖက်ဒရယ်တည်ဆောက်မှာဖြစ်တဲ့အတွက် ဖက်ဒရယ်ယူနစ်ကိုယ်စားပြုမှုကတော့ပိုပြီးအရေးကြီးတယ်။ အဲ့ဒီလိုကိုယ်စားပြုမှုရှိတဲ့အစုအဖွဲ့တွေကတော့ အားလုံးပါဝင်ဖို့ရှိပါလိမ့်မယ်။

မေး။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကောင်စီမှာ ဘာကြောင့်တစ်ခါတည်း မပါလာသေးတာလဲဆိုတာ ပြောပြလို့ရတဲ့အပိုင်းထိ ပြောပေးပါလား။
ဖြေ။ ဘာကြောင့်လဲဆိုတာက ကျနော်တို့အခု (၆) ဖွဲ့ထဲမှာတောင် တော်တော်လေးညှိနှိုင်းရတာ (၆) လလောက်ရှိသွားပြီ။ အခြားအဖွဲ့တွေဆိုတာကလည်း မတူညီတဲ့ နိုင်ငံရေးချဉ်းကပ်မှုတွေလုပ်နေတဲ့ အစုအဖွဲ့တွေကျန်သေးတယ်လေ။ အဲဒီအပေါ်မှာ ကျနော်တို့ဆက်ပြီး ညှိနှိုင်းသွားဖို့ရှိတယ်။ ဥပမာဆိုရင် ဖက်ဒရယ်ယူနစ်တွေအနေနဲ့ အမျိုးသမီးတွေ ဆက်လက်ပါဝင်လာနိုင်ရေးဆိုပြီး ကျနော်တို့ ရက်ပေါင်း (၆၀) အတွင်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဥက္ကဋ္ဌတွေရဲ့ မိန့်ခွန်းရော ထုတ်ပြန်ချက်တွေမှာရော ပါပြီးသားဖြစ်တယ်။

မေး။ စစ်ကော်မရှင်ဘက်က လွှတ်တော်ခေါ်ပြီး အစိုးရစုဖွဲ့နေတဲ့အချိန်ကိုက်မှာ ကောင်စီစုဖွဲ့မှု ထုတ်ပြန်လာတာ ထူးထူးခြားခြားအကြောင်းအရင်းများ ရှိမလား။
ဖြေ။ ဒါကတော့ ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ချဉ်းကပ်တဲ့အခါမှာ တစ်သံတည်း တစ်စုတည်းဖြစ်ဖို့လိုတယ်။ ဒီလိုမှသာ ပိုပြီးတော့မှ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ နိုင်ငံတကာရဲ့ တရားဝင်မှုကို ကျနော်တို့ ရရှိမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဘက်ကလည်း စစ်အာဏာရှင်ပြုတ်ကျရေးကို အစွမ်းကုန်လုပ်တယ်။ နောက်ပြီးတော့မှ ကျနော်တို့ ပြန်လည်ထူထောင်ရေးနဲ့ ဘယ်လိုတွေလုပ်နေတယ်ဆိုတာကိုလည်း ပြသဖို့လိုတယ်။ အဲဒီအတွက်ကို ကျနော်တို့ နိုင်ငံရေးလိုအပ်ချက်အရ အချိန်မီထုတ်ပြန်ရခြင်းဖြစ်တယ်။

မေး။ အာဏာသိမ်းပြီးနောက်မှာ တော်လှန်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့ K3C ဆိုပြီး သွားတာမျိုးရှိတယ်။ အခုဒီ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကရော အရင်ကအဖွဲ့တွေနဲ့ ဘာကွာသွားမလဲ။ ဘာတွေမျှော်လင့်လို့ရလဲ။
ဖြေ။ အရင်တုန်းကလုပ်တဲ့ K3C ဆိုတာ နိုင်ငံရေးသဘောတူညီချက်ပဲလုပ်တာ။ အဲဒီတုန်းက နိုင်ငံရေးသဘောတူညီချက် (၆) ချက်ရှိတယ်လေ။ အဲဒီ (၆) ချက်ကို အခုလည်း နိုင်ငံရေးဦးတည်ချက်ထဲမှာ ပြန်ပြီးတော့ ထည့်ထားတာရှိတယ်လေ။ ဒီ (၆) ချက်ပါပဲ၊ ဒီထဲမှာ ဒါတွေပဲ ဆက်အကောင်အထည်ဖော်တာပါပဲ။

မေး။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးမဏ္ဍိုင်ပေါ့နော်၊ ဒီနှစ်ရပ်မှာ ဘယ်အဖွဲ့တွေ ပါဝင်လာမလဲ၊ ကောင်စီမှာဘာတွေ တာဝန်ယူမှာလဲ။
ဖြေ။ ကျနော်တို့အခုက စုဖွဲ့မှုပဲလုပ်သေးတယ်။ လောလောဆယ် လုပ်ငန်းမဏ္ဍိုင်လေးခု လုပ်ထားပြီးပြီ။ အဲဒါက နိုင်ငံခြားရေးရှိမယ်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးရှိမယ်။ နောက်ပြီး ဖက်ဒရယ်ရေး၊ သူ့အောက်မှာ ဖက်ဒရယ်အုပ်ချုပ်ရေး၊ ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ဟာတွေရှိမယ်။ နောက် Dispute Resolution ဆိုတဲ့ အချင်းချင်းကြားထဲမှာ အငြင်းပွားမှုတွေ ဖြေရှင်းရေးယန္တရားတွေ တည်ဆောက်ဖို့လိုတယ်။ နောက်ပြီးတော့ IGR (Intergovernmental Relations) ဆိုတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအချင်းချင်းကြား၊ ပြည်နယ်အစိုးရအချင်းချင်းကြား ချိတ်ဆက်ဆက်ဆံတဲ့ ယန္တရားတွေပေါ့။ ဒါတွေကို ကျနော်တို့ဆက်ပြီး ဆွေးနွေးဖို့ရှိတယ်။ ဘဏ္ဍာရေးပိုင်းမှာလည်း ခွဲဝေမျှသုံးဖို့ဆိုတာတွေရှိတယ်။

ဆိုတော့ ပြည်သူ့ကိုယ်စားပြုဆိုတာက အခုချိန်မှာ တော်လှန်ရေးကာလပဲ ရှိသေးတယ်။ တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်းရေးကာလစပ်ကြားမှာတော့ ကျနော်တို့က ပိုပြီးတော့မှ တရားဝင်မှုရှိအောင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတာဖြစ်တယ်။ အဲဒီထဲမှာတော့ NUG က ကိုယ်စားလှယ်တွေ၊ CRPH က ကိုယ်စားလှယ်တွေပါမယ်။

အမျိုးသမီးအခန်းကဏ္ဍမှာတော့ ကျနော်တို့က ပြည်သူ့ကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေ သုံးနေတယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဒါကိုလည်း ပြောနေကြတာ နှစ်ပေါင်း ဆယ်စုနှစ်ရှိပြီ။ တကယ့်လက်တွေ့မှာတော့ အကောင်အထည်မဖော်ကြဘူး။ ဒီတစ်ခေါက်ကတော့ ပါဝင်ဖို့သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမျိုးသမီးမဏ္ဍိုင်ကို ကျနော်တို့ ထည့်ထားတာ။ ဒါပေမဲ့လည်း လောလောဆယ်မှာ ကျနော်တို့သွားတာက နိုင်ငံရေးဖြစ်တဲ့အတွက် ဘယ်လိုအမျိုးသမီးတွေက နိုင်ငံရေးအခင်းအကျင်းထဲမှာ ထဲထဲဝင်ဝင်ပါနေသလဲဆိုတာကိုတော့ ကျနော်တို့ကြားထဲမှာ ပြန်ပြီးမှ ဆွေးနွေးဆုံးဖြတ်ဖို့တော့ ကျန်သေးတာပေါ့။

မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ လောလောဆယ်ကတော့ ကျနော်တို့က ဒီလုပ်ငန်းတွေလုပ်ဖို့ ပထမဦးဆုံး စုဖွဲ့တဲ့သဘောပါပဲ။ နောက်ပိုင်းမှာ ကျနော်တို့ သက်ဆိုင်သူတွေ ပါဝင်လာအောင် ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်။ တစ်ချိန်တည်းမှာပဲ ကျနော်တို့ ရည်မှန်းထားတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။