ဧပြီ (၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပယာရောကျေးရွာအုပ်စု၊ လေးကေကျေးရွာကို ယမန်နေ့(ဧပြီလ ၁ ရက်)က စစ်အုပ်စုမှ ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ် (၁၂) လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။
ယမန်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်အုပ်စုက လေးကေကျေးရွာ အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး လေးလုံးကြဲချသွားသည်။ ယင်းကြောင့် အသက် (၃၅) နှစ်အရွယ် အမျိုးသား(၁)ဦး မျက်နှာတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁၂) လုံး အနက် (၅) လုံး၊ လုံးဝပျက်စီးသွားသည်ဟု ဆိုသည်။
“ညတုန်းက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ လေးလုံး လာပစ်တယ်။ အရပ်သားတစ်ယောက်ထိတယ် မျက်နှာကို ရှပ်ထိတာ။ အိမ်ကတော့ ၁၂ လုံး ထိတယ်။ ပြန်သုံးလို့မရအောင် ပျက်စီးသွားတာက ၅ လုံးလောက်၊ ကျန်တာက အစအနတွေ မှန်ပြီး အမိုးအကာတွေ ထိတာရှိတယ်။ အခုအချိန်တော့ ရွာသားတွေ တစ်ယောက်မှမရှိတော့ဘူး။ နောက်ထပ် လေယာဉ်ထပ်လာပစ်မှာကို ကြောက်လို့” ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း-၂ တာဝန်ရှိသူက ပြောသည်။
လေးကေကျေးရွာနှင့် ကပ်လျက်ရှိ တာပေါကျေးရွာမှ ဒေသခံများလည်း စစ်အုပ်စု၏ လေကြောင်းရန်ကိုစိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ထို့အပြင် ဗုံးကြဲခံရသည့် လေးကေရွာနှင့် တာပေါကျေးရွာအနီးတွင် စစ်အုပ်စုအခြေစိုက် တပ်စခန်းများရှိသည်။ ထိုစစ်အုပ်စုက ဒေသခံများ ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင်ပါက ကျေးရွာအတွင်းရှိ ကျန်ခဲ့သည့်နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားခြင်းရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ယခုနှစ်အစကတည်းက စစ်အုပ်စုစစ် ကြောင်းဝင်ရောက်မှုများ ခပ်စိတ်စိတ်ရှိနေပြီး ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသည်။ ထို့အပြင် စစ်အုပ်စုက နေအိမ်မီးရှို့၊ ဖျက်ဆီးမှုများလုပ်နေ၍ ယနေ့အထိနေအိမ်မပြန်ရဲကြသူများလည်းရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် စစ်ရှောင်စာရင်းအရ ဒူးသထူခရိုင်တွင် ၂၀၂၅ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ (၁၅၀,၀၀၀)နီးပါးရှိသည်။



















