Home သတင်း ဖလူးဒေသမှ ထိုင်းဘက်စစ်ရှောင်များ ယာယီနေထိုင်ခွင့်ရရေး သုံးလတစ်ကြိမ်သက်တမ်းတိုး အခွန်ဆောင်ရ

ဖလူးဒေသမှ ထိုင်းဘက်စစ်ရှောင်များ ယာယီနေထိုင်ခွင့်ရရေး သုံးလတစ်ကြိမ်သက်တမ်းတိုး အခွန်ဆောင်ရ

533
Photo: CJ

ဧပြီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးဒေသတိုက်ပွဲကြောင့် ထိုင်းဘက်ကမ်းတွင် စစ်ဘေးရှောင်နေရသူများမှာ ယာယီနေထိုင်ခွင့်ရရေး တစ်ဦးလျှင် ဘတ်(၃၀၀)ဝန်းကျင် အခွန်ပေးဆောင်ကာ သုံးလတစ်ကြိမ်သက်တမ်းတိုး နေရကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ဖလူး၊ မင်းလက်ပံဒေသအတွင်း စစ်အုပ်စုနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဒေသခံများယနေ့အချိန်ထိ စစ်ဘေးရှောင်ရသော အခြေအနေရှိသည်။

ထိုအထဲမှသောင်ရင်းမြစ်အနီး ထိုင်းနယ်စပ်ကျေးရွာဘက်တွင် ခိုလှုံနေကြသူများမှာ ယာယီနေထိုင်ခွင့်ရရေး စာရွက်စာတမ်းအတွက် တစ်ဦးလျှင် ဘတ်(၃၂၀)ပေး၍ သက်တမ်းတိုးနေထိုင်ကြရသည်ဟု ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာရောက် စစ်ဘေးရှောင်အမျိုးသားက ပြောသည်။

“ကျနော်တို့အိမ်ဆိုအရွယ်ရောက်ပြီးသူချည်းပဲ (၆)ယောက်ပါတာ အကုန်လုပ်ထားရတယ်။ လူတိုင်းရိုက်မှ မရိုက်လို့စစ်လို့တွေ့ရင် ဖမ်းခံရတယ်။ ရောက်ခါစ လုပ်တုန်းကတော့ ၁ လခွဲနဲ့သက်တမ်းထပ်တိုးခိုင်းတယ်။ ခုတစ်ခေါက်ကတော့ ၃ လခံတယ်တဲ့။ တစ်ခုကောင်းတာ အဲ့ဒါလုပ်ထားတော့ အဖမ်းမခံရဘူး ဒီရွာမှာသွားချင်သလိုသွားလို့ရတယ်။” ဟု မင်းလက်ပံရွာမှ ထိုစစ်ရှောင်အမျိုးသားက ပြောသည်။

ရပ်ရွာတာဝန်ရှိသူများနှင့်အာဏာပိုင်များ အစီအစဥ်ဖြင့် အဆိုပါယာယီနေထိုင်ခွင့်အထောက်အထားပါ သွားလာခွင့်ကို ရွာနယ်နိမိတ်အလိုက် သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုသို့ထုတ်ပေးခြင်းကြောင့် တဖက်တွင်လည်း နေထိုင်သွားလာခွင့်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် စိတ်လုံခြုံမှုရရှိစေသည်ဟု စစ်ဘေးရှောင်အကူအညီပေးနေသူများ ပြောသည်။

မြဝတီတောင်ပိုင်းရှိစစ်ရှောင်ကူ အမျိုးသမီးက “အဓိက စိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက် ထုတ်ပေးတာ။ ဘာအထောက်အထားမှမရှိဘဲ ထိုင်းဘက် စစ်ပြေးနေရတဲ့အချိန်မှာ အဖမ်းမခံရအောင်ပေါ့။ ဘာမှမရှိတာထက်စာရင် တော်တော်အထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်နယ်မြေထက်တော့ ကျော်လွန်သွားလာခွင့်မရှိဘူး” ဟု ကေအိုင်စီကိုပြောသည်။

ဖလူးဒေသတွင် နယ်မြေထိန်းချုပ်ရန်ကြိုးပမ်းနေသော စစ်အုပ်စုကြောင့် ယနေ့အထိ တိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်နေသည်။ ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်အုပ်စု၏လေကြောင်းဖြင့် ကျေးရွာများဘက်ကို မီးလောင်ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ပြာကျပျက်စီးသွားသည့်နေအိမ်လည်း မနည်းရှိလာသည်ဟု ဒေသတွင်းနှင့်ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

ဝေါလေဘက်တွင်လည်း တော်လှန်ရေးတပ်များ၏ စစ်အုပ်စုဝေါလေဗျူဟာ စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိရာ မြဝတီတောင်ပိုင်းတစ်ခွင် လူဦးရေ (၃,၀၀၀)ထက်မနည်း စစ်ဘေးရှောင်နေရဆဲဖြစ်သည်ဟု အကူအညီပေးနေသူများက ပြောသည်။