ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ၏လူသားချင်းစာနာမှုအကူအညီများ အမှန်တကယ်လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ဖို့အရေး အဓိကကျသော နယ်စပ်ဖြတ်ကျော်အကူအညီရရန် တိကျသည့်မူဝါဒနှင့် စည်းလုံးညီညွှတ်မှုရှိရန်လိုအပ်ကြောင်း ကရင်အရပ်ဖက်အဖွဲ့များက ထောက်ပြပြောဆိုသည်။
ပြီးခဲ့သည့်မတ်လအတွင်းပြုလုပ်သွားသော ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဗဟိုကော်မတီအစည်းအဝေးအပြီး သီးသန့်အင်တာဗျူးတွင် နယ်စပ်ဖြတ်ကျော်အကူအညီရရန် သက်ဆိုင်သူများ၏တောင်းဆိုချက်များ ထိရောက်မှုမရှိသည့်အပေါ် KWOနှင့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN တို့က ထောက်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
“လူမျိုး အင်အားတောင့်တင်းလာတယ်ဆို နယ်စပ်ဖြတ်ကျော်ရေးက လာနိုင်တယ်။ ကျမတို့ကရင်အနေနဲ့ တိကျတဲ့နိုင်ငံ၊ တိကျတဲ့ထိန်းချုပ်မှုရှိပြီး အင်အားတောင့်တင်းမယ်ဆိုရင် နယ်စပ်ဖြတ်ကျော်ရေးတွေ လာဖို့က သေချာလိမ့်မယ်” ဟု KWO ဥက္ကဌ နော်ကညောဖောက ပြောသည်။
လက်ရှိ နိုင်ငံတကာကပေးနေသည့် လူသားချင်းစာနာမှုအကူအညီများသည် ပြည်တွင်းမှသာအများဆုံးဝင်ရောက်နေပြီး စစ်အုပ်စုလက်ဝယ် တဆင့်ခံ ဖြတ်သန်းလာခြင်းကြောင့် ထိရောက်သည့်အကူအညီဖြစ်မလာကြောင်း အရပ်ဖက်အဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ထောက်ပြထားသည်။
တဖက်တွင်လည်း ကရင်နီပြည်နယ်အနေဖြင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ဖွဲ့စည်းနိုင်ခြင်းကဲ့သို့ အစိုးရတစ်ရပ် တည်ဆောက်နိုင်ခြင်းကြောင့် တချို့နိုင်ငံများထံမှ တိုက်ရိုက်အထောက်အပံ့ရနေခြင်းလည်း ရှိနေသည်။

KPSN ပြောခွင့်ရ နော်ဝါးခူရှီးက “ကျမတို့ အသံတွေလည်း တညီတညွှတ်တည်း ထွက်ရမယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ရရှိဖို့ ကျမတို့ကိုယ်တိုင်မှာ တိကျတဲ့ပေါ်လစီရှိရမယ်။ စစ်ကောင်စီကနေလာမယ့် ထောက်ပံ့မှုတွေကိုမယူဘဲ ကိုယ်ပိုင်ပြဌာန်းထားတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်ဖို့ပဲလိုတယ်။” ဟု ကေအိုင်စီကို ပြောသည်။
အရပ်ဖက်အဖွဲ့များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်တွေ့ဆုံကာ လူသားချင်းစာနာမှုအကူအညီအတွက် ထုတ်ဖော်တောင်းဆိုမှုများရှိသော်လည်း စည်းလုံးညီညွှတ်မှုအပြင် ပြည်သူလူထုအင်အားနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ရပ်တည်ပေးမှု လိုအပ်သည်ဟုလည်း ဆိုသည်။
စစ်ရှောင်အချက်အလက်များ စာရင်းပြုစုနေသည့် KPSN ၏စာရင်းအရ ယခု ၂၀၂၆ ခုနှစ်အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများရှိ စစ်ဘေးရှောင်အရေအတွက်မှာ ၁ သန်းကျော်ရှိနေဆဲဖြစ်သည်။
ထို့အတူ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုးပွားလာနေသည်ဟု UNOCHA Myanmar က ပြီးခဲ့သည့်မတ်လအတွင်း ပြောဆိုထားသည်။
၂၀၂၅ ခုနှစ်က မြန်မာ့လူဦးရေ ၆ ဒသမ ၃ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရောက်ရှိခဲ့သော်လည်း ရန်ပုံငွေမလုံလောက်မှု၊ သွားလာခွင့်ကန့်သတ်ချက်များကြောင့် ထိရောက်မှုမရှိခဲ့ကြောင်း ၂၀၂၆ ခုနှစ် မတ်လ (၉) ရက်နေ့တွင်ထုတ်ပြန်သည့် UNOCHA၏ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။



















