Home သတင်း စက်သုံးဆီတန်းစီစနစ်ဖြင့် ဆေးရုံလိုက်ပို့ရသည့် (၄)ရက်သားကလေးငယ် လမ်းခုလတ်တွင်သေဆုံး

စက်သုံးဆီတန်းစီစနစ်ဖြင့် ဆေးရုံလိုက်ပို့ရသည့် (၄)ရက်သားကလေးငယ် လမ်းခုလတ်တွင်သေဆုံး

511
Photo: CJ

ဧပြီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လူမှုကယ်ဆယ်ရေးအဖွဲ့ယာဥ်ဖြင့် စက်သုံးဆီဖြည့်ရန်နာရီဝက်နီးပါးစောင့်ဆိုင်းပြီးမှ ဆေးရုံသို့ပို့လိုက်နိုင်သည့် အသက်(၄)ရက်ရှိ အရေးပေါ်လူနာကလေးငယ်မှာ အသက်မကယ်နိုင်ဘဲ ဆေးရုံအရောက်တွင်သေဆုံးသွားကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလပထမပတ်အတွင်းက အသည်းရောင်အသားဝါရောဂါ ပြင်းထန်သဖြင့် ကမမောင်းမှ ဖားအံဆေးရုံသို့ အရေးပေါ်လွှဲပြောင်းကုသရန်လိုအပ်သူ အသက်(၄)ရက်ရှိ ယောင်္ကျားလေးတစ်ဦးအား ဒေသအခြေစိုက် လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဥ်ဖြင့် ဆေးရုံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“ကလေးက အသည်းရောင်အသားဝါရောဂါရှိတာ နည်းနည်းပြင်းထန်တယ်။ အရေးပေါ်ဖြစ်လို့သွားတော့ ဖားအံဆေးရုံကိုလွှဲတယ်။ အဲဒါနဲ့ ဆီမရှိလို့ လမ်းမှာလူနာကိုတင်ပြီး သွားတန်းစီထည့်ရတာ ၂၅ မိနစ်လောက်တော့ကြာမယ်။ ဆေးရုံရောက်တော့ ကလေးကဆုံးသွားပြီ” ဟု လူနာလိုက်ပို့ပေးသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဘက်က ပြောသည်။

ဒေသတွင်း သတင်းအရင်းအမြစ်များပြောပြချက်အရ အဆိုပါကလေးငယ်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ကတိုင်တိဒေသရှိ ဘောကျို့လယ်ရွာမှ စစ်ရှောင်ကလေးငယ်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအနှံ့ ဆီအကြပ်အတည်းဖြစ်ပေါ်နေသည့်အချိန်တွင် လိုင်စင်မဲ့ယာဥ်အသုံးများသော ကရင်ပြည်နယ်တွင် ယာဥ်လိုင်စင်မရှိပါက စက်သုံးဆီမရောင်းပေးသည့်ညွှန်ကြားချက်ကို ပြည်နယ်စစ်အုပ်စုက ထုတ်ပြန်ထားသည်။

ထိုအထဲတွင် လူမှုကူညီကယ်ဆယ်ရေးယာဥ်များလည်း အပါအဝင်ဖြစ်ပြီး ခြွင်းချက်အနေဖြင့် လူနာပါတင်ဆောင်လာပါက တရားဝင်သတ်မှတ်ထားသည့်စက်သုံးဆီဆိုင်များမှ ဆီရောင်းပေးမည်ဖြစ်သည်။ မှောင်ခိုဈေးမြင့်မြင့်ပေး၍လည်း ဆီမဝယ်နိုင်သောကြောင့် ထိုညွန်ကြားချက်သည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အကြပ်ရိုက်လာစေသည်ဟု လူမှုကူညီရေးအသင်းအဖွဲ့များက ဆိုကြသည်။

ဖော်ပြပါ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက “အမှန်တော့ ဆေးရုံလက်မှတ် ဒါမှမဟုတ် ဆရာဝန်လက်မှတ်ပြနိုင်ရင် ထည့်ပေးသင့်တယ်။ အခုက လူနာကို ဆေးရုံအရင်ပို့လိုက်ရင် ဆီမရတော့ဘူး။ ညွှန်ကြားချက်ကဒီအတိုင်းထွက်ထားတော့ ဘယ်လိုမှလုပ်မရဘူး” ဟု ဖြည့်စွက်ပြောသည်။

ဆီအကြပ်အတည်းကြောင့် ဝယ်ရခက်ခဲမှု၊ ရှားပါးမှုရှိလာချိန် တဖက်တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းအချင်းချင်း အရေးပေါ်ကိစ္စအတွက် ယာဥ်အသုံးပြုခပိုတောင်းခြင်း၊ ဆီပိုပြန်ရောင်းခြင်းတို့ ရှိနေကြောင်းလည်း ဒေသတွင်းသတင်းအရင်းမြစ်များမှ သိရသည်။

ထို့အတူ စက်သုံးဆီချွေတာရေးညွှန်ကြားချက်အမျိုးမျိုးကြောင့် ပြည်သူများ ဆီဘေးဒုက္ခရောက်နေသော်လည်း စစ်အုပ်စု၏စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလမှစ၍ ဆီချွေတာသွားနိုင်ပြီး တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့် ပြည်ပမှဆီဝယ်ယူမှုကုန်ကျစရိတ် သက်သာသွားကြောင်း ဧပြီလ(၆)ရက်နေ့က ထုတ်ပြန်သည်။