ဧပြီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ လေးကေနှင့်ဝင်းတာပန် (တာပေါ) စခန်းအတွက် စစ်အုပ်စုဘက်က လေကြောင်းမှလာချပေးသည့် လက်နက်ခဲယမ်း၊ ရိက္ခာထုပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းထားနိုင်ကြောင်း ကေအဲန်ယူထံမှ သိရသည်။
အဆိုပါစခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရန် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၇ ရက်နေ့မှ စတင်လုပ်ဆောင်လျက်ရှိရာ စခန်းမကျရေး စစ်အုပ်စုဘက်က လေကြောင်းပစ်ကူပေးနေသည်။ ယမန်နေ့ ဧပြီလ ၈ ရက်နေ့ကလည်း ရိက္ခာနှင့်လက်နက်ခဲယမ်းများ လာချပေးသွားပြီး ၎င်းတို့ကို KNLA က သိမ်းဆည်းနိုင်ခဲ့သည်ဟု သထုံခရိုင် တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမြင့်ထွေးက ပြောသည်။
“အဲ့ဒီအထုပ်တွေက များသောအားဖြင့် သူတို့ဆီမရောက်ဘဲ ကျနော်တို့လူတွေဆီပဲ ရောက်တာ။ သူတို့ စခန်းက ကျဉ်းကျဉ်းလေး၊ ဖာပွန်တို့ ဝေါလေတို့လိုမျိုး မှ မဟုတ်တာ။ လာချတဲ့ပစ္စည်း တော်တော်များများကို ကျနော်တို့လူတွေ သိမ်းမိထားပါတယ်” ဟု တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမြင့်ထွေး ပြောသည်။
သိမ်းဆည်းရမိသည့်ပစ္စည်းများတွင် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများအပြင် အဆင့်မြင့်လက်နက် အမျိုးအစားတစ်ခုလည်း ပါဝင်နေသည်ဟု ကေအဲန်ယူ သထုံခရိုင်၏ တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမြင့်ထွေးက ဖြည့်စွက်ပြောသည်။

လက်ရှိအချိန်ထိ စခန်းရရေးကြိုးပမ်းနေသော KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု များပြားနေကြောင်းလည်း ကေအဲန်ယူထံမှ သိရသည်။
တပ်မဟာ(၁)၊ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း လေးကေနှင့် ဝင်းတာပန် စခန်းအပါအဝင် မယ်ပရေခီး၊ ပိန္နဲတောစခန်းများမှာ စစ်အုပ်စုအခြေစိုက် အကြီးဆုံးစခန်းများဖြစ်ပြီး KNLA က သိမ်းရန်ကျန်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ်ကလည်း ဝင်းတာပန်စခန်းကို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ဖူးသလို စစ်အုပ်စုဘက်မှ လေယာဥ်ဖြင့်ချလာသည့်ရိက္ခာထုပ်များကိုပါ သိမ်းဆည်းရမိခဲ့သေးသည်။
သထုံခရိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း KNLA နှင့် မဟာမိတ်တပ်များ၏ စစ်အုပ်စုနှင့်တိုက်ပွဲ (၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၂) ဦးသေဆုံးကာ (၁၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၁) လချုပ်စာရင်းအရ သိရသည်။



















