ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက ဦးဆောင်ရေးဆွဲနေသည့် ကော်သူးလေချာတာ(Kawthoolei Charter) မူကြမ်း၌ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ထည့်သွင်းစဉ်းစားပေးရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တိုက်တွန်း တောင်းဆိုလိုက်သည်။
ယနေ့ ဧပြီ (၅) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWO) ဖွဲ့စည်း တည်ထောင်ခြင်း (၄၁)နှစ်ပြည့် ထုတ်ပြန်ချက်တွင် ကော်သူးလေချာတာရေးဆွဲမှုအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များ၏ရပိုင်ခွင့်ပါ အတူပါရှိရန် KWO က ဖော်ပြထားခြင်းဖြစ်သည်။
“အမျိုးသမီးတွေကိုအလေးပေး၊ ပံ့ပိုးပြီး ဆွဲခေါ်ဖို့ပါ။ အမျိုးသမီးတွေ တိုးတက်မှုရှိလေလေ တော်လှန်ရေးဟာလည်း မြှင့်တက်လာလေလေ ဖြစ်တယ်။ နောက်တခုက ကျောင်းတက်ချင်ပေမဲ့ မတက်နိုင်တဲ့ကလေးတွေ ရှိတယ်။ အိမ်ထောင်တခုမှာ ကလေးများလာပြီဆို ကျောင်းထုတ်ခံရတဲ့အထဲ မိန်းကလေးတွေက များတယ်။ အမျိုးသမီးတွေ ကျောင်းဆက်တက်နိုင်ဖို့ ထောက်ပံ့မှုတွေ ရှိရမယ်။ အဲ့ဒီအပေါ်မှာ ကျမတို့ ဆက်လက်လုပ်ဆောင်ရမယ်” ဟု KWO ဥက္ကဌ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။
ကော်သူးလေချာတာကို ကေအဲန်ယူ ဦးဆောင်ကာ သက်ဆိုင်ရာအစုအဖွဲ့၊ တက်သိပညာရှင်များနှင့် တိုင်ပင်ရေးဆွဲနေပြီး အချိန်တန်လျှင် အများပြည်သူထံသို့ ချပြသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကေအဲန်ယူက ပြောဆိုမှုရှိခဲ့သည်။
ထို့အပြင် KWO ၏ထုတ်ပြန်ချက်တွင် တန်းတူညီမျှမှုနှင့် အမျိုးသမီးများ မိမိတို့အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စုစုစည်းစည်းဖြင့် ထိရောက်စွာ ရှေ့ဆက်သွားရန်လည်း ထည့်သွင်းတိုက်တွန်းထားသည်။
ကရင်အမျိုးသမီးအစည်းအရုံးကို ကရင်တော်လှန်ရေးနှင့်အတူ ၁၉၄၉ ခုနှစ်ကတည်း က စတင်ဖွဲ့စည်းတည် ထောင်ခဲ့သော်လည်း စစ်ရေးအခြေအနေများကြောင့် နေရာရွှေ့ပြောင်းရခြင်းရှိခဲ့ပြီး KWO ဖွဲ့စည်းမှု အားနည်းခဲ့သည်။ သို့သော် ၁၉၈၅ ခုနှစ်၊ ဧပြီ ၅ ရက်နေ့တွင် KWO ကို ဖွဲ့စည်းပုံဖြင့် ခိုင်ခိုင်မာမာ ပြန်လည်ပြင်ဆင်ခဲ့ပြီး (၄၁)နှစ်ပြည့်မြောက်သည်အထိ ရပ်တည်လျက်ရှိသည်။
ယနေ့ကျရောက်သည့် KWO ဖွဲ့စည်းတည်ထောင်ခြင်း(၄၁)နှစ်ပြည့် ထုတ်ပြန်ချက်တွင် ကရင့်တော်လှန်ရေးခေတ်အဆက်ဆက် အမျိုးသားများနှင့်ရင်ဘောင်တန်းပြီး တော်လှန်ရေးတာဝန်၊ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်လာသည့် ကရင်အမျိုးသမီးများအား KWO က ဂုဏ်ပြုထားသည်။
အလားတူ အမျိုးသမီးများ၏ပေးဆပ်မှုနှင့်ရဲရင့်မှုများကို အမှတ်ရနေရန်နှင့် မိမိတို့အခွင့်အရေးအတွက် လက်တွဲလုပ်ဆောင်သွားကြရန်လည်း KWO က ဆိုသည်။



















