ဧပြီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်း အာရှလမ်းကြီးကိုပြန်လည်ပြန်ဖွင့်လှစ်ပြီး ရရှိလာသည့်အခွန်အခ၊ အကျိုးအမြတ်မှန်သမျှ စစ်အုပ်စုအာဏာတည်မြဲရေးအတွက်သာ ဖြစ်လာမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
စစ်ရေးပဋိပက္ခနယ်မြေကြားမှ အာရှလမ်းမကြီးကို ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့က ပြည်နယ်စစ်အုပ်စုဦးဆောင်၍ ကုန်သွယ်သွားလာရေး လွယ်ကူစေရန်ဟုဆိုကာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မော်တော်ယာဥ်များသွားလာခွင့်ပေးထားသည်မှ ယနေ့အထိ (၄)ရက်တာရှိပြီဖြစ်သည်။
အာရှလမ်းမထိန်းချုပ်ရေး နှစ်ဖက်အဖွဲ့ နှစ်ချီ အားပြိုင်လာခဲ့ကြအပြီး တော်လှန်ရေးအဖွဲ့အစည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဘက်ကမူ ထိုလမ်းအသုံးပြုမှုမှရရှိသည့်အခွန်အခ၊ အကျိုးအမြတ်များကို စစ်အုပ်စုက အာဏာတည်မြဲရေးအတွက်သာ အသုံးပြုမှုရှိမည်ဟု ဆိုသည်။
“ဒီလမ်းပြန်ဖွင့်ပြီး ရလာတဲ့အခွန်အကောက်တွေမှန်သမျှ စစ်တပ်ရဲ့အာဏာတည်မြဲမှုအတွက်ပဲ အသုံးချသွားမယ်ဆိုတာ အငြင်းပွားစရာမရှိဘူး။ ပြီးရင် ကျနော်တို့တော်လှန်ရေးအစုအဖွဲ့တွေကိုပဲ သူတို့က အပုပ်ချအပြစ်တင်မယ်။ တော်လှန်ရေးကြောင့်ဖြစ်တာတို့ ဒါပေမဲ့တဖက်ကပြန်ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးကိုဒုက္ခပေးနေတာ စစ်အုပ်စုသာလျှင်ဖြစ်တယ်။” ဟု ပဒိုစောကလယ်စေးက ပြောသည်။
အာရှလမ်းမကြီးသည် စစ်အုပ်စု၏ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုခြင်း၊ BGF နှင့်ပူးပေါင်းကာ လုံခြုံရေးအကြောင်းပြ အရပ်သားများထံမှ ငွေတောင်းခံခြင်း၊ ပစ်ခတ်မီးရှို့မှုများပြုလုပ်ခြင်းတို့ဖြစ်ပွားအပြီး ၂၀၂၃ ခုနှစ်ကတည်းက အရပ်သားယာဥ်အသွားအလာ လုံးဝရပ်ဆိုင်းသွားခြင်းဖြစ်သည်။
နောက်ပိုင်းတွင် လမ်းပြန်ဖွင့်ရန် ထိုင်းနိုင်ငံနှင့် မြန်မာစစ်အုပ်စု၊ ကေအဲန်ယူအပါအဝင် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအကြိမ်ကြိမ်ရှိခဲ့သော်လည်း သဘောတူညီမှုမရ၊ အထမမြောက်ခဲ့ပေ။
ထို့အပြင်၂၀၂၅ ခုနှစ်က အောင်ဇေယျစစ်ဆင်ရေးကြောင့် စစ်အုပ်စုကလမ်းပြန်ထိန်းချုပ်နိုင်သည် ဆိုသည့်တိုင် ယခုထက်ထိ နယ်မြေပဋိပက္ခများရှိနေဆဲဖြစ်ကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များကဆိုသည်။
ကေအဲန်ယူပြောခွင့်ရသူက “လမ်းပြန်ဖွင့်တာနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောချင်ဘူး။ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့အခွင့်အရေးကိုတော့ ရအောင်ပြန်ယူဖို့၊ ကျနော်တို့ရဲ့နယ်မြေ၊ ကျနော်တို့ဘိုးဘွားလက်ထက်ကတည်းက နေလာတဲ့နေရာကို ကျနော်တို့ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်အတွက်တော့ လှုပ်ရှားရုန်းကန်နေဦးမှာဖြစ်တယ်” ဟု ကေအိုင်စီကို ပြောသည်။
တဖက်တွင်လည်း လမ်းအသုံးပြုခွင့်ရပ်ဆိုင်းစဥ်ကတည်းက အခြားလမ်းများမှ ဂိတ်ကြေးနှင့်အခွန်အခများစွာ ပေးဆောင်သွားနေလာသဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်သို့ အနီးဆုံး အာရှလမ်းပြန်လည်ဖွင့်လှစ်မှုကို ကြိုဆိုနေကြသူတချို့ရှိသလို လုံခြုံရေးကြောင့်မသွားလာရဲသေးသူတချို့လည်း ရှိသည်။
နယ်စပ်အရေးလေ့လာစောင့်ကြည့်သူများကမူ စစ်အုပ်စုက လုံခြုံရေးအာမခံမရသေးသည့်အခြေအနေတွင် လမ်းပြန်ဖွင့်ခြင်းသည် မြဝတီနယ်စပ်ကုန်သွယ်ရေးကို ၎င်းတို့ပြန်ထိန်းချုပ်နိုင်ကြောင်း ပြသလိုသည့်သဘောကြောင့်ဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင်လည်း စစ်အုပ်စုနှင့်ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့များက အာရှလမ်းပေါ် ဂိတ်နေရာများဆောက်လုပ်နေပြီး လုံခြုံရေးအင်အားချထားကာ စောင့်ကြပ်သွားလာနေကြခြင်းရှိကြောင်း ဒေသတွင်းခရီးသွားလာသူများထံမှ သိရသည်။



















