Home သတင်း လျှပ်စစ်မီးမရ၍ မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဖယောင်းတိုင်မီးထွန်း ဆေးကုသမှုပေးရ

လျှပ်စစ်မီးမရ၍ မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဖယောင်းတိုင်မီးထွန်း ဆေးကုသမှုပေးရ

463
Photo: CJ

ဧပြီ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရှိ အစိုးရပြည်သူ့ဆေးရုံကြီးတွင် လျှပ်စစ်မီးပုံမှန်မရရှိသဖြင့် ဖယောင်းတိုင်မီးထွန်းပြီး လူနာများကိုဆေးကုသမှုပေးနေရကြောင်း မြောင်းမြမြို့ခံများက ပြောသည်။

ပြီးခဲ့သည့်မတ်လအတွင်း အစိုးရစစ်အထက်တန်းစာမေးပွဲနောက်ဆုံးရက်မှစတင်ကာ မြောင်းမြမြို့အတွင်း တစ်ရက်လုံးမှ အများဆုံး လျှပ်စစ်မီး(၂)နာရီခန့်သာ ပေးဝေနေခြင်းဖြစ်သည်။ ထို့ကြောင့် မြောင်းမြပြည်သူ့ဆေးရုံကြီးတွင် ဖယောင်းတိုင်မီးထွန်း၍ ဆေးကုသမှုပေးနေရသော အခြေအနေဖြစ်လာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဖယောင်းတိုင်ထွန်းပြီး သူနာပြုဆရာမတွေ အလုပ်လုပ်နေရတာတွေ့ရတယ်။ အဲဒီလို တစ်ခါမှမတွေ့ဖူးဘူး။ ၁၂ တန်းစာမေးပွဲမတိုင်ခင်က မီးနေ့တိုင်းမှန်တယ်၊ စားမေးပွဲမပြီးခင်ရက်မှာပဲ မီးစပျက်တာ။ တစ်ရက်ကို ၂နာရီလောက်ပဲမီးလာတော့တယ်။ ခုရက်ပိုင်းဆို မီးတစ်နာရီ မှမလာတာတောင်ရှိတယ်”ဟု အမည်မဖော်လိုသူမြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ စက်သုံးဆီရှားပါးမှုကြောင့် မြောင်းမြမြို့တွင် ဆီအလုအယက်ဝယ်ယူနေရသည့်အပြင် ဆီစျေးနှုန်းလည်းမြင့်တက်နေပြီး လျှပ်စစ်မီးအစားထိုး မီးစက်အသုံးပြုရန်အတွက်ပါ ခက်ခဲနေသည်ဟု လျှပ်စစ်မီးအားထားလည်ပတ်နေရသည့်လုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

မြောင်းမြဆေးရုံကြီးအတွက်မူ စက်သုံးဆီကို အရေးပေါ်အသုံးပြုရန်သာထားရှိ၍ ပုံမှန်လုပ်ငန်းဆောင်တာများအတွက် ဖယောင်းတိုင်မီးသာအသုံးပြုနေရသည်။ သို့ရာတွင် လျှပ်စစ်မီးပေးဝေချိန်နည်းလွန်းသဖြင့် ဆေးများသိုလှောင်ရာတွင် အခက်အခဲရှိကြောင်း ဆေးရုံအသိုင်းအဝိုင်းမှတဆင့် သိရသည်။

ဖော်ပြပါ မြို့ခံကဆက်လက်၍ “အဲ့မှာ လုပ်တဲ့ သူနာပြုပြောတာကတော့ မီးစက်နှိုးဖို့ ဆီကို အရေးပေါ် ခွဲစိတ်ဖို့အတွက် အရန်ထားရတာတဲ့။ ဒါပေမဲ့ မီးမလာတော့ ရေခဲနဲ့ သိုလှောင်ရတဲ့ဆေးတွေကိုလည်း ထိန်းသိမ်းဖို့ အခက်အခဲရှိတယ်လို့ပြောတယ်။ မီးမလာ ရေမရတော့ ဆေးရုံ အိမ်သာတွေပါ ပိတ်ထားရတယ်” ဟု ကေအိုင်စီကို ပြောသည်။

မြောင်းမြမြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း အပြင်လောင်စာဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်ငွေ (၁၇,၀၀၀) အထိ မြင့်တက်လျက်ရှိသည်။ စပါးစိုက်ပျိုးမှုအများဆုံးလုပ်ကိုင်သည့် တိုင်းဒေသကြီးတွင် စက်သုံးဆီဈေးကြီးမြင့်မှုကြောင့် နွေစပါးရိတ်သိမ်းချွေလေ့ခများအပါအဝင် ဒေသတွင်းကုန်စျေးနှုန်းများလည်း လိုက်ပါမြင့်တက်လာသဖြင့် အခြေခံလူတန်းစား၊ လယ်သမားများ လူမှုစီးပွားထိခိုက်မှုအများဆုံး ဖြစ်ပေါ်နေသည်။