Home သတင်း အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်သည့် စစ်ခေါင်းဆောင် သမ္မတဖြစ်လာမှု KNDP ပါတီ ကြိုဆို

အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်သည့် စစ်ခေါင်းဆောင် သမ္မတဖြစ်လာမှု KNDP ပါတီ ကြိုဆို

396

ဧပြီလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း အရပ်သားများအပေါ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာမှုအပေါ် ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က ဧပြီလ (၆)ရက်နေ့တွင် သဝဏ်လွှာပေးပို့ကာ ကြိုဆိုလိုက်သည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်နယ်အတွင်း စစ်အုပ်စုဘက်က အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကြီး နှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကို ကျူးလွန်ရာမှာ အဓိက တာဝန်ရှိသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ် KNDP က ကြိုဆိုလိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုက ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်လာသည့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဒုသမ္မတများဖြစ်သည့် ဦးညိုစော နှင့် နန်းနီနီအေးတို့ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း KNDP က ဆိုထားသည်။

ထို့အပြင် စစ်ခေါင်းဆောင် ဦးဆောင်မည့် အစိုးရသစ်အနေဖြင့် နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်ပေးနိုင်ရန်လည်း မျှော်လင့်ဆုတောင်းပေးခဲ့ကြောင်း KNDP က ဆိုသည်။

ယခုလို ပြည်နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန် ထားသူ စစ်ခေါင်းဆောင်ကို ကရင်ပါတီကိုယ်တိုင် သမ္မတအဖြစ် ပြောင်ပြောင်တင်းတင်း အသိအမှတ်ဂုဏ် ပြုလိုက်ခြင်းအပေါ် ဒေသခံလူထုအချို့က ဝေဖန်ပြောဆိုမှုများရှိသည်။

ဖားအံမြို့ခံတစ်ဦးက ” အခု စစ်ခေါင်းဆောင်သမ္မတဖြစ်တာကို မကြိုက်တဲ့သူရှိသလို ကြိုက်တဲ့သူ လည်းရှိပါတယ်။ အဲ့လိုကြိုက်တဲ့သူတွေဆိုတာက ဒီဒေသထဲမှာ မတရားသဖြင့် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရတာအဆင်ပြေတဲ့သူတွေပဲ။ အထူးသဖြင့် ဒီအကျင့်ပျက်နေတဲ့ စစ်တပ် နဲ့ မှ သူတို့က လုပ်စားလို့ ရတာ။ ဥပမာ ပြည်သူတွေရဲ့ မြေတွေ ယာတွေကို သိမ်းဖို့က စစ်တပ်ကိုပဲ အားကိုးရတော့ ဒါကြောင့် စစ်ခေါင်းဆောင်ကိုပဲ သူတို့ကြိုက်ကြတဲ့ သဘောပါ။“ ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်ထဲရှိ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်စသည့် မြို့နယ်များတွင် ကရင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့နှင့် စစ်အုပ်စုအကြား နယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး နှစ်ဖက်တိုက်ပွဲဆက်လက် ပြင်းထန်နေ ဆဲကာလဖြစ်သည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများတွင် စစ်အုပ်စုဘက်က မြေပြင် စစ်ရေး ရှုံးနိမ့်မှု ကြုံတွေ့ရသည့်အခါတိုင်း အရပ်သား များနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး နှင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကို အရပ်ဖက် စစ်ဖက် မခွဲခြားဘဲ ကျူးလွန်လေ့ရှိသည်။

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကို စောင့်ကြည့်အစီရင်ခံနေသည့် ကရင်လူ့ အခွင့်အရေး အဖွဲ့(KHRG)၏ နောက်ဆုံးထုတ်ပြန်ထားသည့် အစီရင်ခံစာအရ အခုနှစ် ပထမ ၃ လပတ်အတွင်းမှာတင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၈၀ ကျော် သေဆုံးခဲ့ ကြောင်းမှတ်တမ်းတင်ထားသည်။

ထို့အပြင် အပြင်းအထန် ဒဏ်ရာရရှိသူ ၁၅၀ ကျော် ရှိခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေး ငယ်များ ဖြစ်ကြပြီး မူတြော်(ဖာပွန်) ခရိုင်နှင့် ဒူးပလာယာ ခရိုင်တို့တွင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၂၀၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲကြောင့် သိန်းနှင့်ချီသည့် ဒေသခံပြည်သူများလည်း ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရပြီး လူသားချင် စာနာမှု အကူအညီများ ရရှိရေးအတွက် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု စစ်ဘေးရှောင် ကူညီသူများက ပြောဆိုထားသည်။

အဆိုပါ အခြေအနေများကို မျက်ကွယ်ပြုပြီး ဖြစ်စဉ်များကို အဓိက ကျူးလွန်နေသည့် စစ်ခေါင်းဆောင်ကို ပြည်နယ်အခြေစိုက် ကရင်ပါတီကိုယ်တိုင်က သမ္မတ အနေဖြင့် ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က စစ်ခေါင်းဆောင် ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်သော်လည်း တရုတ်၊ ရုရှား၊ ဘီလာရုစ် စသည့် နိုင်ငံများမှ လွဲ၍ ကျန်အိမ်နီးချင်းတိုင်းပြည်များအပါအဝင် နိုင်ငံတကာ အစိုးရ များက အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးမတွေ့ရှိရသေးပေ။