မတ်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် မသန့်ရှင်းသည့်ရေကိုသာ သုံးစွဲနေရသဖြင့် အကျဉ်းသားများ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ တရားမျှတမှုကွန်ရက် (JNPP) က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
အကျဉ်းထောင်အတွင်းသို့ ပြင်ပမှ သောက်ရေသန့်ပေးပို့မှုကို အကျဉ်းထောင်အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသဖြင့် အကျဉ်းသားများ ထောင်တွင်းရရှိသည့် ရေကိုသာ အဓိကသောက်သုံးနေရသည်ဟု ဆိုသည်။
အဆိုပါရေများမှာ အနံ့အသက်မကောင်းခြင်း၊ ရေညှိနှင့် အညစ်အကြေးများ ပါဝင်နေခြင်းတို့ကြောင့် ရေသန့်ရှင်းမှုမရှိကြောင်း JNPP က ပြောသည်။
အထူးသဖြင့် မွန်ပြည်နယ်ရှိ ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများမှာ ယင်းကဲ့သို့ မသန့်ရှင်းသည့်ရေကို နေ့စဉ်သုံးစွဲနေရသဖြင့် ဆီးကျောက်တည်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ ပိုမိုအဖြစ်များလာသည်ဟု သိရသည်။
“ထောင်တွင်းတွင် ရောဂါဖြစ်ပွားပါက လုံလောက်သည့် ဆေးဝါးများနှင့် ကျန်းမာရေးကုသမှုများ မရရှိနိုင်သည့် အခြေအနေများကြောင့် ရောဂါအခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည်” ဟု JNPP ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ထို့အပြင် လွတ်မြောက်လာခဲ့သည့် အကျဉ်းသားများတွင်လည်း ထောင်တွင်း၌ မသန့်ရှင်းသည့်ရေ သုံးစွဲခဲ့ရမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရကြောင်း သိရသည်။
အကျဉ်းသားများအနေဖြင့် သန့်ရှင်းသောရေ ရရှိပိုင်ခွင့်ကဲ့သို့သော အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရသည့်အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရေးတယူ ကိုင်တွယ်ဖြေရှင်းပေးရန် JNPP က တိုက်တွန်းထားသည်။



















