Home သတင်း မွန်ပြည်သစ် (AD) အပါအဝင် မွန်တော်လှန်ရေးအင်အားစုများ စုပေါင်းကာ ‘မွန်ပြည်တော်လှန်ရေး ပဋိညာဉ်’ ရေးဆွဲမည်

မွန်ပြည်သစ် (AD) အပါအဝင် မွန်တော်လှန်ရေးအင်အားစုများ စုပေါင်းကာ ‘မွန်ပြည်တော်လှန်ရေး ပဋိညာဉ်’ ရေးဆွဲမည်

396
Photo: မွန်ပြည်သစ် (AD)

မတ်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအကြား ညီညွတ်မှုခိုင်မာစေရန်နှင့် ဘုံသဘောထားရပ်တည်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် ‘မွန်တော်လှန်ရေးဖိုရမ်’ မှတစ်ဆင့် ‘မွန်ပြည်တော်လှန်ရေးပဋိညာဉ်’ ကို ရေးဆွဲသွားမည်ဟု သိရသည်။

အဆိုပါ ဖိုရမ်ကို မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့နှင့်အတူ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် လေ့လာသူ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းမှာ မွန်ပြည်တည်ဆောက်ရေးဟာ မွန်တော်လှန်ရေးရဲ့ ပန်းတိုင်ဖြစ်တယ်” ဟု ဖိုရမ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖိုရမ်တွင် လက်ရှိတော်လှန်ရေးကာလအတွင်း အဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်အနေဖြင့် အချက် ၇ ချက်ပါဝင်သည့် ထုတ်ပြန်ချက်ကို အတည်ပြုခဲ့ကြသည်ဟု ဆိုသည်။

ထိုအချက်များထဲတွင် စစ်ကောင်စီက ၂၀၂၅ ခုနှစ်၌ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းတို့မှတစ်ဆင့် ပေါ်ပေါက်လာမည့် မည်သည့်အုပ်ချုပ်ရေးယန္တရားကိုမဆို အသိအမှတ်မပြုဘဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့ကို အခြေခံထားသည့် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲကိုမဆို လက်ခံမည်မဟုတ်ကြောင်းလည်း မွန်တော်လှန်ရေးအင်အားစုများက ဘုံသဘောထား ချမှတ်ခဲ့ကြသည်။

ထို့အတူ မွန်တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်နိုင်ရန်အတွက် ‘မွန်ပြည်တော်လှန်ရေးပဋိညာဉ်’ ရေးဆွဲရေးလုပ်ငန်းစဉ်အတွင်း အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ‘မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့’ တစ်ခုကိုလည်း စနစ်တကျ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဖိုရမ်တက်ရောက်လာသည့် အဖွဲ့အစည်းများက မွန်ပြည်တည်ဆောက်ရေးအတွက် ဦးတည်ကာ တစ်မျိုးသားလုံး လက်တွဲညီညီ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားပြီး မွန်တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုသည် ယခင်ကထက် ပိုမိုအားကောင်းလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။