မတ် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဝေါလဒေသရှိ စစ်အုပ်စုဗျုဟာကာကင်း ထီးသဲဘလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ(၃၁)ရက်မှစတင်ပြီး တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးပမ်းလာ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စု၏မြေပြင်တပ်များ ထိခိုက်ဆုံးရှုံးမှုများပြား၍ ဂျက်ဖိုက်တာ၊ Y12 ၊ Y8 လေယာဥ်များဖြင့် ဗုံးကြဲပစ်ကူသည်အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု KNLA နှင့် မဟာမိတ်တပ်ဖွဲ့ဘက်က ပြောသည်။
“မနက်တိုက်ပွဲစကတည်းက သူတို့ဘက်မှာအထိနာနေတာ။ လေယာဉ်က Y8 လာတယ်၊ Y12 လာတယ်။ အခု နေ့လည်မှာ ဂျက်ဖိုက်တာနဲ့ပါ ဗုံးပတ်ကြဲပြီး ပစ်ကူပေးနေရတဲ့အခြေအနေရှိနေတယ်” ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ထီးသဲဘလယ်ကျေးရွာအပါအဝင် ဝေါလေမြို့နေဒေသခံများ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်နေရပြီး လူရာနှင့်ချီရှိသည်ဟု ဒေသသတင်းအရင်းအမြစ်များအရ သိရသည်။
ဝေါလေစစ်ဘေးရှောင်တစ်ဦးက “ဝေါလေဘက်အခြမ်းမှာဘယ်သူမှနေမရဲတော့ဘူး။ လေယာဉ်တစ်နေကုန်ကြဲ နေတာ၊ အိမ်တွေ မြေ တွေတုန်နေရောပဲ။ အခု ထိုင်းဘက်ပြေးရှောင်နေကြတာ လူ နှစ်ရာ၊ သုံးရာလောက်ရှိမယ်” ဟု ကေအိုင်စီကိုပြောသည်။
ဝေါလေမြိုင်မြို့နယ်အတွင်း စစ်အုပ်စုဗျူဟာစခန်းကုန်းတစ်ခု နှင့် ထီးသဲလယ်ရွာလမ်းပိုင်း တောင်ကြောရှိ ကာကင်းစခန်း စသည့် စခန်းနှစ်ခုကျန်ရှိသည်။ ယင်းစခန်းများအား ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှစတင်၍ KNLA နှင့်မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းရှိကြောင်းလည်း တော်လှန်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။



















