Home ရင်ဖွင့်သံများ ပြည်နယ်တွင်း လောင်စာဆီ ပြတ်လပ်မှုအပေါ် သူတို့အသံ

ပြည်နယ်တွင်း လောင်စာဆီ ပြတ်လပ်မှုအပေါ် သူတို့အသံ

455

ပြည်နယ်တွင်း လောင်စာဆီ ပြတ်လပ်မှုအပေါ် သူတို့အသံ

မြန်မာပြည်တွင်း မြို့ကြီးများတွင် လောင်စာဆီပြတ်လပ်နေသည့် အလားတူပင် ကရင်ပြည်နယ်တွင်လည်း ဓာတ်ဆီဆိုင်တစ်ချို့ ပိတ်ထားပြီး လိုအပ်သလောက် ဝယ်ယူ၍ မရရှိတော့သည့်အတွက်ကြောင့် ပြည်နယ်တွင်း ယာဉ်မောင်းသမားများနှင့် အခြေခံလက်လုပ်လက်စားသမားများ၏ အခက်အခဲ စိန်ခေါ်မှုများကို ယခုလိုပဲ ဆက်သွယ်မေးမြန်းထားပါသည်။

ဖားအံမြို့တွင်း ဆိုင်ကယ် တက္ကဆီ မောင်းသူတစ်ဦး

ဆိုင်ကယ်ကယ်ရီအနေနဲ့ဆို ဒီစက်သုံးဆီက ကိုယ့်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တာပေါ့။ ဘာလို့ဆို ဒီဆိုင်ကယ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အခါမျိုးမှာ ဓာတ်ဆီမရတော့တဲ့ အခါမျိုးဆိုရင် ကိုယ့်မိသားစုအတွက် အခက်အခဲဖြစ်တာတွေ ရှိတာပေါ့လေ။

လက်ရှိမြို့တွင်း စားသုံးဆီရဖို့အတွက်ပေါ့နော် ဆီက အရင်တုန်းက တန်းစီလို့ဆိုရင်တောင် ရသေးတယ်။ ဆီဆိုင်မှာ ဆီရသလောက်။ အခုက စုံတွေ၊ မတွေ ပြန်ဖြစ်သွားတဲ့အခါကျတော့ သွားတန်းစီချင်ရင်တောင် သွားတန်းစီလို့ မရတော့ဘူးလေ။ ပြီးတော့ ရုံးသွားတဲ့သူတွေဆို ကျမတို့ဆို ရုံးသွားတဲ့အခါ ဝေးတယ်။ ရုံးသွားတဲ့အခါကျတော့ ဆီမရှိရင် အရမ်းဒုက္ခရောက်တယ်။ အခုဆီတစ်လီတာကို ၃၀၀၀ အများဆုံးပဲ ဆိုပါစို့။ ကျမတို့ တန်းစီလို့မရလို့ အပြင်ဆိုင်တွေက ဝယ်ထည့်ရတဲ့အခါမျိုးဆို ၁ သောင်းလောက် ပေးရတယ်လေ။ ဈေးက အများကြီး ဟနေတာဆိုတော့ အများကြီး အခက်အခဲဖြစ်တာပေါ့နော်။

မြဝတီ- ဖားအံ ကုန်တင်ယာဉ်မောင်းတစ်ဦး

အခု ဆီတွေပြတ်ပြီး ဝယ်ရခက်တာနဲ့ ကားတွေက အရင်ကလောက် မဆွဲတော့ဘူး။ တော်တော် နည်းသွားတယ်။ အဓိကက ဆီမရလို့ပေါ့နော်။ အောက်ကကုန်တွေလည်း ပုံနေတယ် တင်မယ့် ကားတွေက မရှိဘူး။

ဆီက အနည်းဆုံး ၂ ရက်လောက် တန်းမှ ကိုယ့်ကားက ပြည့်မယ်။ ဖားအံမှာ ဆီဆိုင်ကြီးတွေ နည်းတော့ တိုးရတာ တအားပဲ။ မနက် ၅ ခွဲကျော်ဆို အိမ်ကနေ ထွက်ပြီး ဆီသွားတန်းဝယ်ရပြီ။ ဖွင့်တဲ့ဆိုင်မှာ ရသလောက် စောင့်ပြီး တန်းစီဝယ်။ တခါတလေ ညနေလောက်မှ အိမ်ပြန်ရောက်တယ်။ အဲဒါတောင် ကားထဲမှာ အပြည့်မရဘူး။

အခု ဝစ်သောက် (Without) ကားတွေ ဆီမထည့်ပေးတော့ဘူး ဖမ်းမယ်ဆိုတော့ ကျမတို့လည်း သွားမတန်းရဲတော့ဘူး။ စုံတွေ မတွေ ခွဲရတော့ ပိုဆိုးတာပေါ့။ ဒီဆီကိစ္စ တော်တော် ဒုက္ခရောက်တယ်။ အရင်အခေါက်တွေနဲ့ မတူဘူး။ ဒီတခေါက် တော်တော်ဆိုးတယ်။ အရင်က ပြတ်ဖူးတယ်ဆိုပေမယ့် ဝစ်သောက်ကားတွေ ထည့်လို့ရသေးတော့ အဆင်ပြေသေးတယ်။ အခုကျ မထည့်ပေးတော့ ဒုက္ခရောက်ရတာပေါ့။ သိတဲ့အတိုင်း မြဝတီပြေးတဲ့ ကားတွေက ဝစ်သောက်ကားတွေ သက်သက်ပဲလေ။

ဆိုင်ကြီးတွေမှာ ဆီဈေးမတက်ဘူးလေ ၁ လီတာ ၃ ထောင်ဝန်းကျင်ပဲ။ ဈေးမတက်တော့ ကျမတို့ လိုက်တန်းပြီး ထည့်လို့ရသေးတော့ အဆင်ပြေသေးလို့ ကားဆက်ဆွဲတာပေါ့နော်။ အခု နောက်ပိုင်း မရတော့ အပြင်မှာ ဆီဝယ်ထည့်ရတော့ မကိုက်တော့ဘူးလေ။ တပီပါကို သိန်း ၂၀ ပေးဝယ်ရတယ်။ ဒီတခေါက်တက်ပြီး နားလိုက်ရတော့မယ်။ ဘာလို့ဆို ဆီက အရင်ကဆို အတက်အဆင်းက ၂ သိန်းခွဲလောက်ပဲ ကုန်တယ်။ အခုက ၇ သိန်းနဲ့ ၆ သောင်း အတက်အဆင်း တွက်ကြည့်လိုက်တော့ အရင်ကနဲ့ ၅ သိန်း ပိုသွားပြီ။ အခု တင်လာတဲ့ ကုန်က ၁၃ သိန်းဖိုးပဲ ပါတာ။ ဆီဖိုး လမ်းကြေးက ၁၄ သိန်း ကုန်ပြီလေ။ ၁ သိန်းပါ ထပ်စိုက်ရသေးတယ်။

ဒါကြောင့် ဆီရတော့မှပဲ ကားပြန်ဆွဲတော့မယ်။ ဆီပန့်ဆိုင်မှာ ဝစ်သောက်ကားတွေ ပေးတန်းစီလို့ ရမယ်ဆိုရင်ပေါ့နော်။ အပြင်ပေါက်ဈေးနဲ့ ဝယ်ရင် ရေရှည် ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်က တန်ဆာခတွေ ဈေးတက်မယ်ဆိုရင် ကိုက်ဦးမယ်။ အခုက ဈေးလည်း မတက်ဘူး။ ကုန်သည်တွေကို အရင်ဈေးနဲ့ ပေးတုန်းပဲလေ။

ဖားအံမြို့တွင်း ဆန်စက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး

ဆီတွေလည်း ပြတ်တော့ လောလောဆယ် စက်က နားထားလိုက်ရပြီလေ။ အရင်က စပါး ငါးတင်း ဆယ်တင်း နည်းနည်း များများ အကုန်ကြိတ်ပေးတယ်။ ဆီဈေးတက်ကတည်းက မကြိတ်ဖြစ် တော့ဘူး။ ဆီဈေးတွေကလည်း တက်လိုက် ကျလိုက် ဘယ်လိုသွားလုပ်စားရမလဲ။ စပါးဈေးဆိုရင် လည်း သူများ သတ်မှတ်ဈေးနဲ့ပဲ ယူရတယ်။ ကြိတ်ခလည်း ကုန် အမြတ်လည်း မထွက်လာဘူး။ ဆန်ရော စပါးရော ဘာရောင်းရောင်း မကိုက်တော့ဘူး။ သတ်မှတ်သလို ရောင်းလည်း အဝယ်မရှိ ဘူး။ ဆန်အဟောင်းဆို ၁ တင်းမှ ၄ သောင်းဈေးလောက်ပဲ ရတယ်။ ဝဲတစ်အိတ်ဆို တသိန်းကျော်ပြီ လယ်လုပ်တဲ့သူလည်း ငြီးတာပေါ့။ လုံးဝ မကိုက်တာ။

လုပ်ငန်း လည်ပတ်ဖို့ လျှပ်စစ်မီးအားကိုးမယ် ဆိုတော့လည်း မီးက မှန်တာမှ မဟုတ်တာ။ အဲဒါကြောင့် ဓာတ်ဆီကိုပဲ အားကိုးရတာပေါ့။ အခု ဆီတွေကလည်း ဝယ်ရခက် အပြင်ဈေး ကလည်း အမျိုးမျိုး ကစားနေတယ် ဆိုတော့ အလုပ်ကိုလည်း မနှမြောတော့ဘူး။ လယ်လုပ်တဲ့သူဆို လူငှားရတာ တစ်ရက်ကို ၂ သောင်းခွဲလောက် ပေးရတယ်။ ဆန်ဈေးတွေလည်း မရှိတော့ ဘယ်လို ကာမိမလဲ။ တချို့ဆို အရှုံးပါ ပေါ်တယ်လေ။ ကိုယ်တွေလို ကြိတ်ရောင်းတဲ့ လူတွေလည်း မကိုက်ဘူး။ ဆီပါ ပြတ်တော့ ပိုဆိုးတယ်။

လှိုင်းဘွဲ မြို့နယ် ဒေသခံတစ်ဦး

ရွာကနေ မြို့တွင်းသွားမယ်ဆို လိုင်စင်လိုပြီလေ။ လိုင်စင်မရှိရင် သွားလာမရဲဘူး။ ဖမ်းရင်လည်း ပြန်ရွေးလို့ ရတာမှ မဟုတ်တာ။ ဖားအံတခါသွားတာ လိုင်စင်ကားနဲ့ ငှားခ တစ်သိန်း ၆ သောင်း ဖြစ်သွားပြီ။ ဒါ အသွားတစ်ကြောင်းပဲ။ အရင်ဆီဈေးမတက်ခင်က ၁ သိန်းပဲ။ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေ သွားလာဖို့ဆို ကားက ငှားရပြီလေ။ တချို့က လမ်းတဝက်မှာ လိုင်စင်မဲ့ကားနဲ့သွား ပြီးမှ အိုးဝေနဲ့ တဆင့် မြို့ထဲ ဆက်သွားတယ်။ အိုးဝေက ဖားအံကနေ တောင်ကလေးထိ ၃ သောင်း ပေးရပြီ။ ရွာအထိဆို သိန်းနဲ့ ကုန်တာပေါ့။

ရွာမှာက ဆီပန့်တွေ ရှိပေမယ့် အခု ဆီက မရှိတော့ဘူး။ ဖားအံမှာ သွားဝယ်ဖို့ကလည်း ကားတွေက ဝစ်သောက်များတယ်။ တစ်ရွာလုံးပေါင်းမှ လိုင်စင်ကား တစ်စီး နှစ်စီး လောက်ပဲ ရှိတာ။ ဟိုလူခေါ် ဒီလူခေါ်နဲ့ ဘယ်အားမလဲ။

ပြီးခဲ့တဲ့ ရက်ကဆို ဓာတ်ဆီ ၁ လီတာ ၁ သောင်းဈေးနဲ့ ရောင်းတော့ ဝယ်ကြတယ်။ အခုဆို ဝယ်ရဖို့ မပြောနဲ့ ရောင်းမယ့်သူတောင် မရှိဘူး။

သွားရေးလာရေးတော့ ခက်လာတယ်။ လမ်းမှာ ဂိတ်တွေ ဖြတ်ရတော့ အစစ်အဆေးခံရမှာလည်း စိတ်ပူရသေးတယ်။ ဆီပုံးတွေ့ရင် မရတော့ဘူးလေ။ နဂိုကတည်းက လိုင်စင်မဲ့ဖမ်းကတည်းက ရွာကလူတွေ သိပ်မသွားလာရဲတော့ဘူး။ ဆီက ဝယ်ရင် ကာလပေါက်ဈေးနဲ့ မဟုတ်ဘဲ မှောင်ခိုဈေးနဲ့ပဲ ဝယ်ချရတာပေါ့။