Home သတင်း ရေးမြို့နယ် အမြောက်တပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးဝင်တိုက်၊ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရေးမြို့နယ် အမြောက်တပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးဝင်တိုက်၊ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

314
Photo: ရေးဘီလူးအဖွဲ့

မတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာဏာသိမ်းစစ်တပ် အမြောက်တပ် စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ် ၃ ဦး သေဆုံးသွားကြောင်း ရေးဘီလူးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးဖော်ဆောင်မှုတွင် စစ်တပ်မှ ၃ ဦး သေဆုံးပြီး ဗျူစောထီးခေါင်းဆောင် လင်းဦး၏ သားဖြစ်သူလည်း ဒဏ်ရာရရှိနေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလိုပြောသည်။

“ကျနော်တို့ ၁၁ နာရီအကျော်မှာ အမြန်မစ်ရှင်ပုံစံနဲ့ ဝင်တိုက်တာ ရန်သူဘက်က ၃ ဦး သေတယ်။ ဗျူစောထီးခေါင်းဆောင် လင်းဦးရဲ့သားက ဒဏ်ရာရတယ်” ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

စစ်တပ်နှင့် ဗျူစောထီးအဖွဲ့တို့ပေါင်းကာ အင်အား ၃၀ ဦးခန့် တပ်စွဲထားသည့် အဆိုပါ ထိုဂိတ် စစ်ဆင်ရေးအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာမြင့်ပြီး ရေးဘီလူးအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဆိုသည်။

လက်ရှိ ရေးမြို့နယ်တွင် အာဏာသိမ်းစစ်တပ်မှ တပ်အင်အားများ တိုးမြှင့်ချထားလျက်ရှိသလို တိုက်ပွဲများလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။