အောက်တိုဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သဲဖြူချောင်းတောင်ကျော အထက်ဘက်သို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြား၍ လေယာဥ်ဗုံးကြဲကာ အကာအကွယ်ယူနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာလ(၂၅)ရက်မှစ၍ ဖလူး-ဝေါလေ လမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ သဲဖြူချောင်းတောင်ကျောအရောက် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်အုပ်စုဘက်က အထိအခိုက်များနေသည်ဟု ဆိုသည်။
“စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးတာများတယ်။ သဲဖြူချောင်းတောင်ကျောကနေ တောင်နီဆုံ ဆည်းမြိုင်ဘက်ကို တိုးဖို့ကြိုးစားတာ မရသေးဘူး” ဟု တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းကြောင့် အထိအခိုက်ရှိသည့်တပ်ဖွဲ့ဝင်များကို နောက်တန်းပြန်ခေါ်ယူရန် စစ်အုပ်စုက စက်တင်ဘာ (၃၀) ရက်နေ့မှ အောက်တိုဘာ (၂) ရက်နေ့အထိ Y-12 လေယာဥ်ဖြင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အကာအကွယ်ယူနေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ထိခိုက်သေဆုံးမှုရှိသူများတွင် စစ်ကြောင်းနှင့်အတူလိုက်ပါလာသည့် တပ်စိတ်မှူး၊ တပ်စုမှူး စသဖြင့် အရာရှိအဆင့်များအပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

တဖက်တွင်လည်း ဖလူး-ဝေါလေလမ်းပိုင်းမှတဆင့် ရောက်ရှိနိုင်ရေးကြိုးပမ်းနေသော စစ်တပ်၏ ဝေါလေဗျူဟာကုန်းစခန်းကို KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်မှာ နှစ်ဖြင့်ချီကြာရှိနေပြီဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်ထိ ရှေ့ဆက်မတိုးနိုင်သေးဘဲ လေကြောင်းကိုသာ အားထား၍ ရိက္ခာအထောက်အပံ့ယူကာ ခုခံစစ်ဆင်နွှဲနေရကြောင်း KNLA ထံမှ သိရသည်။
KNLA ပူးပေါင်း ဗီနွန်စစ်ကြောင်းမှ တာဝန်ရှိသူက “ဝေါလေဘက်ကတော့ ဆက်ပိတ်ထားတုန်းပဲ။ သူတို့(စစ်အုပ်စု)ဘက်ကလည်း Y-12 တစ်စီး၊ နှစ်စီးနဲ့ ဗုံးကြဲပြီး ရိက္ခာတွေကို လေထီးနဲ့ ချပေးသွားတာပဲရှိတယ်။ စခန်းထဲကနေ အပြင်ထွက်ပြီး မတိုက်ဝံ့ကြဘူး” ဟု ကေအိုင်စီကို ပြောသည်။
အလားတူ ဖလူးနှင့် မင်းလက်ပံရွာဘက်သို့ စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်အုပ်စုစစ်ကြောင်းကိုလည်း မြေပြင်တွင် ဒေသတွင်းအခြေစိုက် KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
ထို့ကြောင့် စစ်အုပ်စု၏ နယ်မြေထိန်းချုပ်ရေးရည်ရွယ်ချက် အောင်မြင်ခြင်းမရှိဘဲ လေယာဥ်တိုက်ခိုက်မှုအပြင် လေးကေ့ကော်၊ လက်ခတ်တောင်နှင့် ယခင် KK Park ခြံဝင်းဟောင်းနေရာများအမှ လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြုကာ ဆက်လက်ကူညီ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။


















