မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် ဆီဆိုင်များတွင် ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် ဆိုင်ကယ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် ရုံးဝန်ထမ်းများ နေ့စဉ်လူမှုဘဝအတွက် သွားရေးလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများထံမှ သိရသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်နံပါတ် စုံ/မ စနစ်ဖြင့် ပြန်လည် ရောင်းချပေးနေ သောကြောင့် တန်းစီဝယ်ယူသည့်နေရာတွင် အခက်အခဲရှိလာပြီး ပြင်ပဆိုင်များမှတစ်ဆင့် ဝယ်ယူပါက ပုံမှန်ဈေးထက် ၃ ဆခန့် ပိုပေးကာ ဝယ်ယူနေရသည်ဟု ဖားအံမြို့ရှိ ဆိုင်ကယ်အငှားယာဉ်မောင်းသူတစ်ဦးက ယခုလို ပြောသည်။
“အရင်တုန်းက တန်းစီရင် ရသေးတယ်။ အခုက စုံတွေ၊ မတွေ ပြန်ဖြစ်သွားတော့ သွားတန်းစီချင်ရင်တောင် မရတော့ဘူး။ အပြင်ဆိုင်က ဝယ်ရင် တစ်လီတာကို ၁ သောင်းလောက် ပေးရတယ်။ ဈေးက အများကြီး ဟနေတာဆိုတော့ အများကြီး အခက်အခဲဖြစ်တာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် အငှားယာဉ်မောင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် ပိုမိုကျပ်တည်းလာကြောင်း အဆိုပါ ယာဉ်မောင်းက ဆက်ပြောသည်။
၎င်းက “ဆိုင်ကယ်ကယ်ရီသမားအနေနဲ့ဆို ဒီစက်သုံးဆီက ကိုယ့်စားဝတ်နေရေးအတွက် အခက် အခဲဖြစ်တာပေါ့။ ဘာလို့ဆို ဒီဆိုင်ကယ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရတဲ့အခါမျိုးမှာ ဓာတ်ဆီမရတော့ရင် ကိုယ့်မိသားစုအတွက် အခက်အခဲဖြစ်တာတွေ ရှိတာပေါ့လေ” ဟု ပြောသည်။

ထို့အပြင် ရုံးသွားရုံးလာ လုပ်ဆောင်နေရသည့် ရုံးဝန်ထမ်းများအနေဖြင့်လည်း ရရှိသည့်လစာနှင့် ဆီဖိုးကုန် ကျစရိတ် ကွာဟမှုရှိလာသည့်အတွက် လုပ်ငန်းခွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
နောက်ထပ် ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက “ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဆိုင်ကယ် ဆီမရှိတာရယ်၊ အခုကသွားရတာ ဝေးတဲ့အခါမျိုးကျတော့ အသွားအပြန်နဲ့ ရတဲ့လစာနဲ့က မကိုက်ဘူး ပေါ့နော်။ ရုံးသွားတဲ့အခါ ဆီမရှိတဲ့အခါမျိုးဆို အလုပ်ထွက်ချင်စိတ်အထိတောင် ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်ငွေ ၃,၀၀၀ ကျော်သာ ရှိသော်လည်း ပြင်ပဆိုင်များတွင် ကျပ်ငွေ (၁၀,၀၀၀) အထိ ပေးဝယ်နေရကြောင်း ဒေသတွင်း နေထိုင်သူများထံမှ သိရသည်။
ယင်းအပြင် စက်သုံးဆီရရှိရေးအတွက် ဈေးအဆမတန် မြင့်သည့်ကြားမှ အကန့်အသတ်ဖြင့်ပေးသော ဆီဆိုင် များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့အပါအဝင် မြဝတီနှင့် ရွှေကုက္ကိုတွင်လည်း ပြည်တွင်းရော နယ်စပ်ဘက်ကပါ လောင် စာဆီ သွင်းယူခွင့် ပိတ်ပင်ထားသောကြောင့် ရှိနေသည့် ဆီဆိုင်များမှ လောင်စာဆီကို တန်းစီစနစ်ဖြင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရပြီး ဆီလုံလောက်မှုမရှိသဖြင့် သွားလာရေးအခက်အခဲ ဆက်လက်ကြုံတွေ့နေရသည်။



















